Site blog

Anyone in the world

"အညွန့်တလူလူတက်နေလို့ လူ" လို့ခေါ်တာပါတဲ့ ငယ်ငယ်က ဦးကျော်ဟိန်း ဇာတ်ကား တစ်ခုမှာ ကြားခဲ့ဖူးတယ်။ ဒီစကား ကို သေချာစဉ်းစား ကြည့်လိုက်ရင် လူသားတွေမှာ အမြဲတမ်း တိုးတက်ပြောင်းလဲနေဖို့ တာဝန်ရှိတယ်လို့ နားလည်ရပါတယ်။
အခွင့်အလမ်းရလာမယ့်အချိန်ကို စောင့်နေတာထက် ၊ အခွင့်အလမ်းကို ကိုယ်တိုင်ဖန်တီးပြီး ရောက်အောင် လမ်းဖောက်ပြီး သွားရတာမှ သေချာတဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုနည်းပညာတိုးတက်နေတဲ့ခေတ်ကြီးမှာ အခွင့်အလမ်းဆိုတာစောင့်ယူရတာထက် အခွင့်အလမ်းကိုဖန်တီးယူရတာငြင်းမရတော့ပါဘူး။
“ဗျူဟာဆွဲပြီး၊ နည်းလမ်းတွေမပါရင် အောင်မြင်မှုကို အရောက်နှေးပြီး၊ ဗျူဟာမပါတဲ့ နည်းလမ်းပေါင်းစုံ သုံးနေခြင်းဟာလဲ ဆူညံသံတွေကဲ့သို့ အနှောင့်အယှက်ပါဘဲ” ဆိုတာကို တရုတ်ပညာရှင် တစ်ယောက်က ပြောခဲ့ဖူးပါတယ်။
အောင်မြင်မှုနည်းဗျူဟာကို အကောင်ထည်ဖော်ဖို့ ဆိုရင် နည်းလမ်းတွေ လိုအပ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အရာတစ်ခုက မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်နေဖို့အတွက် လိုအပ်တဲ့Personal Development Plan ဖြစ်ပါတယ်။
လုပ်ဆောင်မယ့် အရာက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဒီလုပ်ငန်းကို အကောင်အထည်ဖော်ရာမှာ ပါဝင်မယ့် လူတစ်ဦးချင်းရဲ့ အရည်အချင်းဟာ လုပ်ငန်းရဲ့ အောင်မြင်မှုနဲ့ တိုက်ရိုက်ပတ်သတ်မှုရှိလာပါတယ် ၊ ရာထူးအလိုက်ရှိရမယ့် အသိပညာ၊ အရည်အချင်း ၊ ဗဟုသုတတွေဟာ သူ့အလိုလိုရလာမှာမဟုတ်ပါဘူး။ ဒါကြောင့် သေချာအစီအစဉ်ဆွဲပြီး အကောင်အထည်ဖော်ဖို့လိုအပ်ပါတယ်။
ထိုအစီအစဉ်မှာပါဝင်ရမယ့် အဓိကအချက်တွေကတော့ မိမိ​ရဲ့ ရည်မှန်းချက်ပန်းတိုင်၊ အချိန်ကာလ၊ နည်းလမ်း၊ လက်ရှိအခြေအနေ၊ လိုအပ်ချက်၊ ဖြည့်ဆည်းရမည့် အရာများ၊ သုံးသပ်ရမည့် နည်းလမ်း တို့ဖြစ်ပါတယ်။
Personal development plan
မိမိကိုယ်ကို မြှင့်တင်ခြင်သူများဟာ မြှင့်တင်ဖို့နည်းလမ်းတွေ ရှာဖွေကြပါတယ်။
ကိုယ်ဘာလိုချင်သလဲဆိုတာသိမှသာ လိုချင်တာကိုရမှာဖြစ်ပါတယ်
မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေရန် အစီစဉ်တစ်ခု ရေးဆွဲဖို့လိုအပ်ပါတယ်။
Personal development plan ရေးဆွဲဖို့ရန် လိုအပ်ချက်များကို သေချာသိချင်သူများကို စုစည်းပြီး Zoom meetingကနေ discussion ပြုလုပ်ပေးပါမယ်။လာမယ့် ၅.၁၀. ၂၀၂၀ ရက်နေ့ ကမ္ဘာ့ဆရာများ​နေ့ အထိမ်းအမှတ်အဖြစ် တနင်္လာနေ့ ညနေ ၆:၀၀ နာရီကနေ ၇:၀၀ နာရီအတွင်းမှာ Free Seminerပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
လူဦးရေအကန့်အသတ်ကို ၅၀ဦးကန့်သတ်ထားပြီး တက်ရောက်သင်ယူလိုတဲ့သူများအနေနဲ့ ဘာအတွက်သင်ယူလိုတယ်ဆိုတာလေးကို commentထဲမှာရေးပေးသွားရမှာဖြစ်ပါတယ်။ ဒီcommentတွေထဲကနေ တက်ရောက်ဖို့အကြောင်းပြချက်လေးခိုင်လုံမယ့်သူ ၅၀ဦးကိုရွေးချယ်ပြီး ၅.၁၀. ၂၀၂၀ရက်နေ့နံနက်ပိုင်းမှာ secret groupလေးထဲကိုထည့်ထားပေးပါ့မယ်။
အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းအားဖြင့် အများအကျိုး၊တိုင်းပြည်အကျိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life!

 
Anyone in the world

ကမ္ဘာ့ဆရာများနေ့ ရောက်တော့မယ် ၊ ငယ်ဘဝကို ပြန်လွမ်းမိတဲ့အခါ စိတ်ထဲအစီအရီပေါ်လာတဲ့ ကျေးဇူးရှင်ဆရာ၊ဆရာမများရဲ့ ဆုံးမစကားများကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။
“ လွမ်းခဲ့ရသော ငယ်ဆရာများ “
သူငယ်တန်း
‘ဟဲ့ . .ဘဲပေါက်စ ၊ အဖေက လက်ရေးလှသလောက်။ သမီး လက်ရေးက ပဲပင်ပေါက်’
ငယ်စဉ်နာမည် “ပဲပင်ပေါက်”
(ဆရာမကြီး ဒေါ်ဝင်းမေ)
ပထမအတန်း
“ ဘဲပေါက်စ ၊ ဒီးအတိုင်းတော့ မဖြစ်ဖူးနော် ၊ မင်းအစ်ကိုက အရမ်းတော်တာ “
(အတန်းပိုင်ဆရာကြီး ဦးဘညွှန့်)
ဒုတိယတန်း
“ ညီညီညာညာလေး ကပြီး ပထမရအောင် ပြိုင်ကြမယ်နော် “
“ သမီးအလှ မသင်းထုံ” အဖွဲ့လိုက်အကပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိ
(ဆရာမ ဒေါ်ယဉ်ယဉ်ခိုင်)
တတိယအတန်း
‘တံမြတ်စည်းလှည်းတာ မပြောင်ရင် အဖွဲ့ခေါင်းဆောင်က တာဝန်ယူရမယ်နော် ‘
Leader’s responsibilities
(အတန်းပိုင် ဒေါ်ခင်ခင်ဦး)
စတုတ္တအတန်း
“ မြို့နယ်စစ်မှာ အဆင့်ကောင်းမှ အရည်အချင်း အစစ်အမှန်နော် ၊ ဒီကာလလေးကို သီးခံပြီး ကျော်ဖြတ်ကြ၊ ဆရာမတို့ မင်းတို့နဲ့ အတူရှိတယ် “
Encouragement
(အတန်းပိုင် ဒေါ်ဒေါလ်မာ)
ပဉ္စမအတန်း
“ အင်္ဂလိပ်စာက သဒ္ဒါမှန်ဖို့ အရေးကြီးတယ် “
(အင်္ဂလိပ်စာ ဒေါ်ခင်မေဦး)
ဆဌမအတန်း
“ လူကောင်းသူကောင်းဖြစ်ဖို့က စာတော်နေရုံနဲ့ မရဘူးကွ ၊ မိသားစုတာဝန်တွေ ခွဲဝေယူတက်ဖို့လို့တယ်”
(သိပ္ပံဆရာကြီး ဦးမောင်မောင်)
သတ္တမအတန်း
“ ကိုယ့်သူငယ်ချင်းရဲ့ ငယ်နာမည်ကို သူနဲ့အလုပ်ခွင်မှာ သွားမခေါ်ရဘူး၊ အချင်းချင်းပဲရှိရင်တောင် သူခွင့်ပြုမှဘဲ ခေါ်ပါ”
(မြန်မာဆရာကြီး ဦးဝင်းမောင်)
အဌမအတန်း
“ Full Stop လေး ကျန်ရင်လည်း စာကြောင်း အဓိပ္ပာယ် ပြောင်းတယ်ကွ”
(အင်္ဂလိပ်စာဆရာကြီး ဦးတင်စိုး)
နဝမအတန်း
“ နင်တို့တွေက ပျင်းတာနဲ့ ရောင့်ရဲတာ ရောနေတာ”
Element, compound , mixture ဒါလေးနဲ့ပဲ ကျေနပ်မနေနဲ့၊ လူဖြစ်ဖို့ မလွယ်ဘူး သိလား
(Chemistry ဆရာမ ဒေါ်နုနုဇံ)
ဒသမအတန်း
“ စာရေးပြီးရင် ပြန်စစ်ပါ။ ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်ကော ရောက်ရဲ့လား ၊ မသေချာရင် အဲစာမပို့ပါနဲ့ “
( မြန်မာဆရာကြီး ဦးဗန်ဒုံး)
အရေးယူလေးစားခဲ့ရသော ဆရာ၊ဆရာမများ အများကြီးရှိပါတယ်။ အချိန်ရရင်ထပ်ရေးပါအုံးမယ်။ ဒီအဖြစ်အပျက်တွေ တွေးမိတိုင်း၊ ကိုယ်အပြုအမူ ၊ အပြောအဆိုကို အတုယူပြီး ပြောင်းလဲသွားနိုင်တဲ့ လူငယ်လေးတွေ အများကြီးရှိပါလားလို့ ဆင်ခြင်မိပါတယ်။
ကျေးဇူးရှင် ငယ်ဆရာကြီး ၊ဆရာများ ကျေးဇူးကို အောက်မေ့တသသော အားဖြင့် အတွေးအခေါ်၊ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုများကို သတိပြုဆင်ခြင်ပါတယ်။
အမက (၂)၊ နောင်ချိုမြို့၊ ရှမ်း/မြောက်။
အလက၊ နောင်ချိုမြို့၊ ရှမ်း/မြောက်။
အထက ၊ နောင်ချိုမြို့။
အထက (၂)၊ ပြင်ဦးလွင်မြို့။
ချစ်တပည့် ဘဲပေါက်စ သို့ စန္ဒီဝင်း

 
Anyone in the world

Something is better than nothing! တဲ့
ဘာမှမရှိတာထက်စာရင် တစ်ခုခုရှိနေတာကပိုကောင်းပါတယ်။ ဘာမှမလုပ်နေတာထက်စာရင် တစ်ခုခုလုပ်နေတာပိုကောင်းပါတယ်။ ဘာမှမဖြစ်တာထက်စာရင် တစ်ခုခုဖြစ်နေတာပိုကောင်းပါတယ်ပေါ့။
ဒါပေမယ့် အဲဒီ့တစ်ခုခုဆိုတဲ့နေရာမှာ ဘာဖြစ်သင့်တာလဲ၊ ဘာလုပ်သင့်တာလဲ ၊ ဘာရှိသင့်တာလဲဆိုတာကအရေးကြီးပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက လူငယ်လေးအချို့နဲ့စကားပြောဖြစ်တဲ့အခါမှာ သူတို့တွေလမ်းပျောက်နေတယ်လို့ခံစားရတယ်တဲ့ ဘာမှမလုပ်ဖြစ်သလို ဘာမှလဲမဖြစ်လာဘူးတဲ့။ ဒါက nothingပေါ့....
တစ်ချို့ကျတော့ လုပ်တော့လုပ်နေတယ် ဖြစ်လဲဖြစ်လာတယ် ဒါပေမယ့် လုပ်လိုက်တာကအရာမထင်ဘူး ဖြစ်လာတာကလည်းမျှော်လင့်ထားခဲ့သလိုမဟုတ်ဘူးတဲ့။ ဒါကတော့ somethingဖြစ်ပါတယ်......
Vice vasaအနေနဲ့ပြန်တွေးကြည့်ရအောင်
Sometime, nothing is better than something!
ဒီနေရာမှာ ဆရာကြီးပီမိုးနင်းရဲ့စကားလေးယူသုံးရရင်
"ကံမကောင်းရင် ကန်စွန်းရွက်ရောင်းပြီး၊ကံကောင်းရင် ရွှေရောင်းပါ"တဲ့
မြန်မာစကားပုံမှာလဲ "တစ်ရွာမပြောင်း၊သူကောင်းမဖြစ်"တို့ "သေချင်တဲ့ကျား တောပြောင်း"တို့ဆိုတာလဲရှိနေပါတယ်။
ဒီနေရာမှာ ပြောချင်တာက ကျွန်မတို့လူငယ်တွေ လမ်းပျောက်နေတဲ့အခါမှာဘာလုပ်သင့်သလဲဆိုတာပါ။ လူငယ်တွေလမ်းပျောက်လာတဲ့ အချိန်တွေမှာ တစ်ချို့က ကောင်းနိုးရာရာလေးတွေစမ်းလုပ်ကြည့်တတ်ကြပါတယ်။ ကိုယ်ကကောင်းမယ်ထင်လို့လုပ်လိုက်တာပဲ ဒါပေမယ့်အခြေအနေအရ ကောင်းတာမဖြစ်လာပဲ ဆိုးတာနဲ့ ဆိုးသည်ထက်ဆိုးလာတာပဲဖြစ်နေတတ်တယ်ဆိုပြီးပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုးထဲကသင်ခန်းစာရတာပဲဆိုပေမယ့် အဆိုးပြီးအဆိုးထပ်လာတာကတော့ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။
ကျွန်မတပည့်လေးတစ်ယောက်ကပြောဖူးတယ် သူ့အဖေကသူ့ကို အရမ်းနာဖို့ကောင်းတဲ့ စကားတစ်ခွန်းနဲ့ ဆုံးမတတ်တယ်တဲ့။ ဘယ်လိုဆုံးမတာလဲဆိုတော့ "ငါ့သား မင်း ငယ်ဆင်းရဲ၊ကြီးမွဲ၊အိုငတ် မဖြစ်စေနဲ့"တဲ့ သူ့အဖေပြောတဲ့စကားကြောင့် သူ့အနေနဲ့ အလုပ်လုပ်ရင်းနဲ့ရှုံးပြီးရင်ရှုံးလာတဲ့အခါမှာ ကိုယ့်ဘာသာပြန်ဆန်းစစ်ကြည့်ဖို့ဖြစ်လာတယ်လို့ပြောပါတယ်။
ဟုတ်ပါတယ် သူပြောတဲ့အတိုင်းပါပဲ ကျွန်မတို့တတွေ ဆုံးရှုံးမှုတွေများလာတဲ့အခါ ပြန်ဆန်းစစ်တတ်ဖို့လိုပါတယ်။ ဘာတွေနဲ့ဆန်းစစ်မှာလဲ?
#ကိုယ်လုပ်နေတဲ့အလုပ်ဟာ အခြေအနေ၊ အချိန်အခါနဲ့ကိုက်ညီမှုရှိရဲ့လား?(right time,right place,right man,right jobပါ)
#ကိုယ်လုပ်သင့်တဲ့အလုပ်လား?(know yourselfပါ တခါတလေကိုယ်လုပ်သင့်တဲ့အလုပ်ကတစ်ခု လုပ်နေတဲ့အလုပ်ကတစ်ခုဆို ကိုယ့်အတွက်work doneမဖြစ်လာတော့ပါဘူး)
#ကိုယ့်မှာရှိတဲ့အားနည်းချက်၊အားသာချက်တွေကို အခြေခံပြီး အခွင့်လမ်းကောင်းတွေကို ဆုပ်ကိုင်နိုင်ရဲ့လား?(Know your SWOT)
ဒါတွေကိုမသိသေးဘူး ဘယ်ကဘာစလုပ်ရမလဲမသိဘူးဆိုရင် အသုံးဝင်ပြီး လွယ်ကူတဲ့ ဆန်းစစ်မူ့ပုံစံလေးကတော့ ဘာကြောင့်၊ ဘာကို၊ ဘယ်လိုပါပဲ။
၁။ ကိုယ်ဒီအလုပ်ကိုဘာကြောင့်လုပ်ချင်တာလဲ (ကိုယ်လုပ်မယ်လို့ ရွေးခြယ်ထားတဲ့ အရာဟာ ဘာကြောင့်လုပ်တယ် ဆိုတာ ခိုင်မာဖို့ လိုပါတယ်။ ဘာကြောင့်ဆိုတာ မခိုင်မာရင် နောက်ပြန်လှည့် တတ်ပါတယ်။ To know why?)
၂။ ကိုယ်ဘာကိုလုပ်ရမှာလဲ? (To Know what? ပါ ဘာကိုဆိုတာ သေချာဖို့ လိုပါတယ်။ တိကျသေချာတဲ့ ရွေးချယ်မှု့မရှိရင် ဘာကို အရင်လုပ်ရမယ်၊ ဘာကို ဘယ်လောက်ထိ ရောက်အောင် သွားမယ်ဆိုတာ ဇဝေဇဝါ ဖြစ်တတ်ပါတယ်။
၃။ ဘယ်လိုလုပ်ရမှာလဲ? (How to do? ဘာကြောင့်၊ ဘာကို ဆိုတာ သေချာရင်တော့ ဘယ်လိုဆိုတာ ရွေးခြယ်ရမှာပါ။ အရှိန်ပြင်းပြင်းသွားရမှာလား၊ ဖြေးဖြေးသွားရမှာလား၊ ဘာကို စောင့်ပြီးသွားရမှာလဲ ဆိုတဲ့ သွားမဲ့ နည်းလမ်းတွေ ဆုံးဖြတ်ရမှာပါ။)
ဒီ ၃ခုနဲ့ သွားမယ်ဆိုရင်တော့ အမှားနည်းမယ်၊ အားနည်းချက်၊ အားသာချက်တွေမြင်သာမယ်၊ မြန်မြန် သွက်သွက် ပန်းတိုင်ကို ရောက်နိုင်မှာအသေအချာပါ။
အဲဒီ့အတွက် လှုပ်လေမြုပ်လေအခြေအနေကနေရုန်းထွက်ချင်တယ်ဆိုရင် ဒီလိုအရင်ဆန်းစစ်ကြည့်လိုက်ပါ။ ဆန်းစစ်မှုမရှိပဲ အလုပ်လုပ်တယ်ဆိုရင်ပြီးရောလုပ်နေတဲ့လူဟာ ကျောက်တောင်ကြီးကို လက်ဗလာနဲ့တွန်းရွှေ့နေတဲ့သူနဲ့မခြားပါဘူး။
ကံမကောင်းချိန်မှာ ကန်စွန်းရွက်ဖိုးပဲရှုံးပြီး ကံကောင်းချိန် ရွှေရောင်းသလိုမြတ်နိုင်သော လုပ်ငန်းရှင်များဖြစ်နိုင်ကြပါစေ
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life!

 
Anyone in the world

မန္တလေးမြို့ရဲ့ အနောက်ဘက် ဧရာဝတီမြစ်ကြီးရဲ့ တာရိုးပေါ် မနက်ခင်းမှာ လှပတဲ့ ပန်းပေါင်းစုံလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေတဲ့ ပန်းစျေးဆိုတာရှိပါတယ်။
ကျွန်မ လဲ အပတ်စဉ် ဘုရားပန်းဝယ်ဖို့ရာ ပန်းစျေးကို သွားလေ့ရှိပါတယ်။ ပန်းဆိုင်တွေနဲ့လည်း ခင်နေပါပြီ။ ကျွန်မကို မြင်တာနဲ့ ပန်းထုံးကြီး တစ်ထုံး၊ သပြေ ၂ စီး၊ နှင်းဆီ ၁စီး၊ ပန်းကုံး ၁ထောင်ဖိုး စုစုပေါင်း ၆ထောင် ၊ ၇ထောင် ဝန်းကျင် အမြဲပေးရပါတယ်။
ဘုရားပန်းတွေလဲလှယ်ပြီးရင်လဲ လှပလန်းဆန်းနေလို့ အမြဲစိတ်ချမ်းသာရပါတယ်။ အခုလို ကိုဗစ်ကာလမှာလဲ စည်းကမ်းလိုက်နာတဲ့ အနေနဲ့ မည့်သည့်နေရာမှ မသွားပါဘူး။ တက်နိုင်သမျှ အိမ်မှာ ဘဲ နေပါတယ်။
ဒါပေမဲ့ မနေ့ညပိုင်းကတော့ ပန်းဝယ်ဖို့စျေးကိုရောက်တဲ့အခါ ဖောက်သည်ဆိုင်က ပန်းတွေ ပြင်ဆင်ပေးပါတယ်။ ပိုက်ဆံရှင်းတဲ့အခါ ၃၅၀၀ ပဲကျပါတယ် ။ ကျမက စျေးဆစ်လေ့ရှိတဲ့ ဝယ်ယူသူမဟုတ်ပါဘူး။ စျေးရောင်းသူက တန်ရာတန်ကြေးတောင်းတာဘဲလို့ ယုံကြည်ပြီး ဝယ်ယူ လေ့ရှိသူပါ။ စျေးထက်ဝက်လောက်သက်သာနေတာ ကိုလည်း မပျော်ရွှင်မိဘဲ၊ ဘာဖြစ်လို့အဲလောက်စျေးနဲနေတာလဲ ကိုက်ရဲ့လားလို့မေးမိပါတယ်။
“ ဘယ်ကိုက်မလဲ ဆရာမရယ်၊ နယ်ဝေးတွေ မပို့ရတော့ ငွေပေါ်ရုံ ရောင်းနေရတာပေါ့” တဲ့
ပန်းစျေးက ပြန်လာတဲ့အခါ တွေးစရာတွေ တပုံတပင်ဖြစ်လာပါတယ်။ ရောင်းစရာ ကုန်ပစ္စည်းတွေ ၊ သင့်တော်တဲ့စျေးနူံးနဲ့ တနေရာမှာရှိနေတယ်၊ ဝယ်ယူလိုသူတွေကလဲ ဝယ်ယူချင်စိတ်နဲ့ တနေရာမှာရှိနေတယ်၊ ဒီနှစ်ခုကြားမှာ ချိတ်ဆက်ပေးနိုင်ရင် အကျိုးရှိတဲ့ စီးပွါးရေးတွေ ဖြစ်လာမှာ ဘဲ ဖြစ်ပါတယ်။
Marketing ဂုရု Philip Kotlar ကပြောပါတယ် “ စီးပွားရေးတစ်ခု လုပ်ချင်ရင် လူတွေမှာဖြစ်နေတဲ့ အခက်အခဲ၊ ပြသာနာတွေကို ရှာပါ။ အဲဒီကနေ Million တန်တဲ့ စီးပွါးရေးတွေဖြစ်လာမှာပါ “ တဲ့
အဲဒီစာလေး ကို ဖတ်မိတော့ ကိုယ့်ကိုကိုယ်တွေးမိပါတယ် ၊ ငါဘာလိုသလဲပေါ့လေ။ အခု နောက်ပိုင်းမှာ ကျမတို့ အိမ်ရှင်မတွေ ကလဲအလုပ်လုပ်ကြရပါတယ်။
အချိန်ကို မရွေးချယ်နိုင်ပါဘူး။ ဘယ်လိုဘဲငွေရှာတဲ့ အလုပ်ကို လုပ်လုပ် ၊ မိသားစုတာဝန်၊ အိမ်ရှင်းလင်းမှု့၊ ဘာသာရေး စသဖြင့်တာဝန်တွေကိုလည်း လွတ်ချထားလို့မရပါဘူး။ အဲဒီအထဲမှာ ဘုရားပန်းဝယ်တာလဲပါ ပါတယ်။ ကျမက နန်းရှေ့မှာနေပါတယ်။ ပန်းစျေးကိုရောက်ဖို့ မိနစ်၂၀ အနည်းဆုံး သွားရပါတယ်။ အကယ်၍ အိမ်ကိုသာ အရောက်ပို့ ဝန်ဆောင်မှု့ ရှိရင် သိပ်ကောင်းမှာဘဲလို့ တွေးမိသူပါ။
ဒါကြောင့်မို့ ဘာလုပ်ရမှန်းမသိဘူးလို့ လမ်းပျောက်နေသူများ အဖြေက ကိုယ့်ပတ်ဝန်းကျင်မှာပဲရှိပါတယ် လို့ ပြောပါရစေ။
ဒီ concept ကို အတန်းတွေမှာ စာသင်ရင်း အမြဲဆွေးနွေးဖြစ်ပါတယ်။ တပည့်တွေကလည်း တက်ကြွစွာနဲ့ Group Discussion တွေ၊ Brainstorming တွေ ၊ Idea တွေ နဲ့ Presentation တွေ လုပ်လေ့ရှိပါတယ်။
အရမ်းအံ့ဩစရာကောင်းတဲ့၊ အသုံးဝင်တဲ့ အတွေးအခေါ်တွေ လူငယ်တွေဆီမှာ ရှိနေတာတွေ့ရပါတယ်။ လူငယ်တွေကို အံ့ဩချီးကျူးမိပါတယ်။ အနာဂတ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် လူငယ်တွေရဲ့ အင်အားတွေကို အသုံးပြုဖို့လိုပါတယ်။ လူငယ်တွေကို လေးစားမယ် ၊ လိုအပ်တာတွေ ထောက်ပံ့ကူညီမယ်၊ ဖြည့်ဆည်းပေးမယ်ဆိုရင် ပိုကောင်းတဲ့ လူ့အသိုင်းအဝိုင်းသို့ ရောက်ရှိမှာ မလွဲပါဘူးရှင့်။
လူငယ်များကို လေးစားတဲ့ ........
လူကြီးတစ်ဦး ။
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life!

 
Anyone in the world

ကျမငယ်စဉ် ကလေး ဘဝကတည်းက စီးပွါးရေးဆိုတဲ့ စကားနှင့် မစိမ်းပါဘူး။ ကျမတို့ မိသားစုက ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့လေးမှာ နေထိုင်ကြပါတယ်။ အဖေက ပညာရေးဝန်းထမ်း၊ အမေက အိမ်ရှင်မ၊ အစ်ကို အကြီးဆုံး၊ အစ်မ နှင့် ကျမတို့ မိသားစု ၅ ယောက်ရှိပါတယ်။ ငယ်စဉ်ကတည်းက ကျမတို့ တစ်မိသားစုလုံး စာဖတ်ဝါသနာပါကြပါတယ်။ အိမ်မှာလဲ အမျိုးစုံသော စာအုပ်တွေရှိပါတယ်။ မဂ္ဂဇင်း၊ ဝတ္ထု၊ ကာတွန်း၊ တေဇ၊ ရွှေသွေး နှင့် ဘာသာပြန် အမျိုးစုံသော စာအုပ်တွေရှိပါတယ်။ အမေကလဲ ငယ်စဉ်ကတည်းက အလုပ်ခိုင်းတိုင်း ဘာလိုချင်ရင်ဘယ်လောက်ပြီးအောင်လုပ်ရမယ်ဆိုပြီး တက်ကြွအောင်လှုံ့ဆော်ပေးလေ့ရှိပါတယ်။ ငယ်စဉ် အိမ်ဆောက်တုန်းက အုတ်မြစ်ခိုင်အောင် ဖောင်ဒေးရှင်း အကွက်ထဲမှာ ရေလောင်းပြီး မြေကြီးတွေကိုဒင်နှင့်ဆောင့်ရပါတယ်။ ရေပုံး ၅၀ လောင်းနိုင်ရင် ၂၅ ပြားရပါတယ် ။ နောက်ထပ် အချက် ၅၀ ထုရင် ၂၅ ပြားထပ်မံရရှိပါတယ်။
ပိုက်ဆံ ၅၀ပြားရရှိဖို့ အရေးမောင်နှမ ၃ ယောက် တစ်ယောက်က ရေခပ်၊ တစ်ယောက်က ရေသယ်၊ နောက်တစ်ယောက် က ဒင်နှင့် ထုနဲ့တက်ကြွစွာအလုပ်လုပ်ကြတာဟာ ပိုက်ဆံ ၅၀ပြား မျက်နှာကြောင့်ပါ။
အိမ်ရှေ့လမ်းမှာ ဖြတ်သွားတဲ့လူတွေကလဲ ချီုးကျူးကြပါတယ်။ ဆရာ့ကလေးတွေ တော်လိုက်တာ ၊ ကျောင်းကပြန်လာပြီး အိမ်အလုပ်ကူညီကြတယ်ပေါ့။ တကယ်က ကျမတို့ ၃ ယောက်က လျှိုဝှက်ချက်တွေနဲ့ပါ။ ၅၀ ပြားဆိုသော ပြင်ပစေ့ဆော်မှု (External motivators) ကြောင့် မောင်နှမ ၃ယောက် စည်းလုံးစွာ အလုပ်လုပ်ကြပါတယ်။ Team Work ကိုလည်း ငယ်စည်ကတည်းက နားလည်ကြပါတယ်။ အလုပ်တစ်ခုရပြီဆိုရင် ဘယ်လို ခွဲဝေကြမလဲ၊ ဘယ်အလုပ်ကို လုပ်ရင် အကျိုးပိုရှိမလဲ၊ အစရှိသဖြင့် လျှင်မြန်စွာ ခွဲဝေတတ်ကြပါတယ်။ အဓိက က အလုပ်ပြီးဖို့၊ ပန်းတိုင်ရောက်ဖို့ပဲ မဟုတ်ပါလားရှင်။
ဒီလိုနဲ့ နွေရာသီတစ်ရက်မှာ အစ်ကိုကြီးက စပြီးစာအုပ် အငှါးဆိုင်ဖွင့်ကြမလား ဆိုပြီး အဆိုပြုပါတယ်။ မြန်မြန်သွက်သွက်ပဲ အားလုံးသဘောတူကြပြီး၊ စားပွဲ ၁လုံးထုတ်၊ စားပွဲခင်းလေး ခင်း၊ အိမ်ထဲရှိတဲ့ စာအုပ်လေးတွေ အစီအရီ ထားပြီး အငှါးဆိုင်လေးကို စတင်ခဲ့ကြပါတယ်။ အင်မတန် ပျော်ရွှင် စရာကောင်းပါတယ်။ ညနေ ၅နာရီလောက်က စတင်ခင်းလိုက်တဲ့ စာအုပ်အငှါးဆိုင်လေးက ည ၇ နာရီမထိုးခင် နောက်ထပ် ငှါးပေးစရာ စာအုပ်မရှိတော့ပါဘူး။ ရပ်ကွက်ထဲမှာလဲ စာအုပ်အငှါးဆိုင် ၁ ဆိုင်မှ မရှိတာလဲ အကြောင်းတစ်ခုပေါ့။ ကျမလဲ ကိုယ့်အိမ်မှာ အသစ်စတဲ့ စီးပွါးရေးလေးအတွက် ရင်ခုန်စိတ်လှုပ်ရှားလျှက်ပေါ့၊ မနက်ခင်းစော​စောမှာတော့ မိဘများရဲ့ အားပေးမှု့နဲ့ ဝင်းဝင်းနိုင်စာပေကနေ စာအုပ် ၂၀ အုပ် ဝယ်လာခဲ့ပါတယ်။ ဝမ်းသားအားရ စာအုပ်တွေ ကိုင်ကြည့်လို့ မဆုံးခင်မှာဘဲ မနက်ခင်းလေးမှာ တင် စာအုပ်တွေ ကုန်သွားပါတော့တယ်။
စီးပွါးရေး အောင်မြင်ခြင်းရဲ့ အရသာကို စတင်မြည်းစမ်းခွင့်ရခဲ့ပါတယ်။ ဆိုင်ပိုင်ရှင် အစ်ကိုကတော့ တပြုံးပြုံးပေါ့၊ ငွေတွေသိမ်းလိုက်၊ စာအုပ်အသစ်တွေဝယ်လိုက်။ ကျမလဲ စာအုပ်စာရင်းတွေ မှတ်လိုက် တောက်တိုမယ်ရလုပ်လိုက်ပေါ့။ အိမ်မှာလည်း လူဝင်လူထွက်တွေများပြီး စည်းကားနေတာပေါ့လေ။ အဲလိုနဲ့ စာအုပ်အဟောင်းလိုက်၊ အသစ်တွေ ဝယ်ထည့်လိုက်နဲ့ပေါ့၊ စာအုပ်ပုံကြီးသာ ကြီးလာတယ် ငွေအပိုက မရှိဘူး။ ဥာဏ်ကောင်းသူ ကျမ အစ်ကိုကြီးက အကြံအဥာဏ်အသစ်ရပါတယ်။ ပတ်ဝန်းကျင် အခြားရပ်ကွက်တွေကို လေ့လာရေးထွက်ပါတယ်။ Site Visit ပေါ့၊ ပြန်လာပြီး ငှါးရလွန်းလို့ ငှါးမထွက်တော့တဲ့ စာအုပ် ၁၅ အုပ်လောက်ယူ သွားပါတယ်။ အစ်ကိုကြီး ပြန်လာတဲ့အခါ စာအုပ်အသစ် ၁၅ အုပ် ပါလာပါတယ်။ တခြားရပ်ကွက်မှာရှိတဲ့ စာအုပ်အငှါးဆိုင်တွေကနေ စာအုပ်တွေနဲ့ လဲလှယ်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်မှာ သင်ခန်းစာယူခဲ့ရတာကတော့ ကိုယ့်ဆီမှာရှိတဲ့ ကုန်ပစ္စည်းကထပ်ပြီးသုံးလို့မရရင် ကိုယ်နဲ့အဖြစ်ခြင်းတူတဲ့ အခြားလုပ်ငန်းတူတွေနဲ့ချိတ်ဆက်ပြီးပူးပေါင်းခြင်းဟာ အဖြေတစ်ခုရစေတယ်ဆိုတာပါပဲ။ one plus one is more than twoပါ။
ကျမတို့မြန်မာ့ဓလေ့ဟာ လုပ်ငန်းခြင်းတူရင် ပြိုင်ဘက်လို့ပဲမြင်တာများပါတယ်။လုပ်ငန်းတူတွေစုပြီး လုပ်ငန်းစုကြီးဖြစ်ဖို့ကိုကြိုးစားတာဟာ ပိုမိုလွယ်ကူချောမွေ့တဲ့ စီမံခန့်ခွဲမှုကိုရစေပါတယ်။ ဒါကိုပဲ ကွန်ယက်(Network)တစ်ခုတည်ဆောက်တာလို့ ကျမတို့သိထားခဲ့ကြပါတယ်။
စာအုပ်အငှားဆိုင်လုပ်ငန်းလေးဟာ အချိန်တိုအတွင်းမှာပဲ ကြီးထွားလာခဲ့ပါတယ်။မောင်နှမ ၃ယောက်လုံး ဝင်ငွေကလဲဖြောင့်၊စာအုပ်အသစ်တွေလည်းဖတ်ရ၊ အိမ်မှာလဲမြဲလို့ အရမ်းပျော်ရွှင်စရာကောင်းခဲ့ပါတယ်။
အစ်ကိုလုပ်သူရဲ့လက်တိုလက်တောင်းဖြစ်တဲ့ ကျမက သူသွားလေရာပါပါတယ်။ စာအုပ်ချင်းလဲဖို့ဆိုင်တွေလိုက်ရှာရင်း နေ့တစ်ဝက်ကျိုးပါတယ်။ အိမ်ပြန်လာတဲ့လမ်းမှာ ရတနာသိင်္ဂီဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးကိုဝင်ပြီး လက်ဖက်ရည်နဲ့ပေါက်ဆီဝယ်ကျွေးလေ့ရှိပါတယ်။ ကျမမှာအစ်ကိုနဲ့မလိုက်ရမှာတောင် စိုးရိမ်နေခဲ့တတ်ပါတယ် ပျော်စရာကောင်းလွန်းလို့ပါ။
ဒါဟာအစ်ကိုရဲ့ HR Managementမှာ Leadershipဘယ်လောက်ကောင်းသလဲဆိုတာပြောနေသလိုပါပဲ။ သူ့စာအုပ်ဆိုင်ရဲ့ဝန်ထမ်းဖြစ်တဲ့ ညီမလုပ်သူကျမကို အလုပ်လဲသင်ပေးပြီးသားဖြစ်သလို အမြဲလဲmotivateဖြစ်နေစေပါတယ်။
အသက်ကြီးလာလို့ စီးပွားရေးစီမံခန့်ခွဲမှုပညာတွေသင်လာရတဲ့အခါမှာတော့ ငယ်ငယ်တုန်းက မိသားစုအတွင်းမှာပဲ တတ်မြောက်ခဲ့ရတဲ့ ပညာရပ်တွေမနည်းပါလားဆိုတာ သိလာရပါတယ်။ အဖေ့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ အုပ်ချုပ်မှုပညာ (Admin and leadership)၊အမေ့ရဲ့ ငွေကြေးစီမံခန့်ခွဲမှုပညာ (Financial Management)၊ အစ်ကိုကြီးရဲ့ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု(Business Managemnet)၊ အစ်မကြီးရဲ့စေ့စပ်သေချာမှု (Operation Management)တွေဟာ ကျမငယ်စဥ်ကတည်းကလေ့လာခဲ့ရတဲ့ စီပွားရေးဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်တွေပဲ ဖြစ်ပါတယ်။
"ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး "ဆိုတဲ့အတိုင်း လူငယ်တွေအတွက် ပါတ်ဝန်းကျင်ကောင်းတွေဖန်တီးပေးဖို့လိုပါတယ်။ လူငယ်တွေကြီးပြင်းလာရတဲ့ ပါတ်ဝန်းကျင်ဟာ သူ့အနာဂါတ်ဘဝကိုပြုစုပျိုးထောင်တည်ဆောက်ရမယ့် ပျိုးခင်းတစ်ခုဖြစ်ပါတယ်။
စပိန်လူမျိုး အမေရိကန်စာရေးဆရာကြီး ဂျော့ရှ်ဆန်တာယာန(1863-1952)က
"ကျောင်းမှာပဲ စာတတ်တဲ့ကလေးကို ပညာတတ်တဲ့ ကလေးလို့မဆိုနိုင်ဘူး"
ဆိုပြီး ပြောခဲ့ဖူးပါတယ်။ လူငယ်ဆိုတဲ့ အဖူးအပွင့်လေးတွေပင်ပျိုလေးတွေ ရှင်သန်ကြီးထွားဖို့အတွက်ဆိုရင် စိုက်ပျိုးမြေကောင်းနဲ့ဥယျာဥ်မှူးကောင်းတွေလည်းရှိဖို့လိုပါတယ်။
ကျေးဇူးရှင်မိဘနှစ်ပါးနဲ့ အစ်ကိုကြီး၊အစ်မကြီးတို့ရဲ့ ကျေးဇူးတရားများကို အောက်မေ့လျက်
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life!

 
Anyone in the world

“ အပြောင်းအလဲ လုပ်ရတာကိုကြိုက်သလား” ဒီမေးခွန်းလေးကြောင့် အဆင့်မြင့် စီးပွါးစီမံခန့်ခွဲမှု့အတန်းလေး အပ်ကျသံ မကြားရအောင်တိတ်ဆိတ်သွားတယ်။ ထုံးစံအတိုင်း သေချာစဉ်းစားရန် အချိန်ယူပြီး ရူ့ထောင့်ပေါင်းစုံမှ ဖြေဆိုဖို့ တိုက်တွန်းပြီး မိနစ်အနည်းငယ် အကြာမှ အသံတွေ ထွက်လာကြတာပေါ့။
“ အပြောင်း အလဲ ကိုကြိုက်ပါတယ် ဆရာမ၊ ပြောင်းလဲဖို့ရန်အတွက် ပညာသင်တာပါပဲ” ၊ “ သေချာစဉ်းစားပြီး ဖြေပါ “ လို့ ခပ်ဆဆလေး ပြောလိုက်တဲ့အခါကျတော့ ကျောင်းသူ/ သားတွေ ပြန်တိတ်ဆိတ်သွားကြတယ်။အတန်းထဲမှာ လုပ်ငန်းရှင်များ၊ အုပ်ချုပ်မှု့ အဆင့်ဝန်ထမ်းတွေ၊ တက္ကသိုလ်က ဘွဲ့ရပြီးစ လူငယ်တွေ ပါပါတယ်။
အဲ့ဒါနဲ့ပဲ“ ကျောင်းဖွင့်တာ (၈) ပတ်ရှိပြီ ကျောင်းသူ/သား များ မိမိထိုင်နေကျ နေရာများမှ ရွေ့ထိုင်ဖူးပါသလား “ ဆိုတော့ ရီကျဲကျဲ မျက်နှာတွေနဲ့ ကျမကို ကြည့်သေးတယ် ။တချို့ဆို ထိုင်နေကျနေရာ မရမှာစိုးပြီး အတန်းကိုအချိန်စောလာတဲ့လူနဲ့၊ ကိုယ့်နေရာလေး သူများယူသွားရင်လည်း မအီမလည် မျက်နှာပေးလေးနဲ့နေတဲ့လူနဲ့ ၊တွဲနေကြသူငယ်ချင်းနှင့် အဖွဲ့တစ်ဖွဲ့တည်း မကျလျှင်မပြုံးနိုင်တော့ဘူး။ အသားကျတဲ့ နေရာ၊ ပုံစံ၊ အလေ့အထ၊ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေနေထိုင်လေ့ရှိကြတာ လူ့သဘာဝဘဲဖြစ်ပါတယ်။
ဒါပေမယ့် လူ့လောကကြီးမှာ “ အသေချာဆုံးက မသေချာခြင်းဘဲ ဖြစ်သည်” ဆိုတဲ့စကားအတွက် သက်သေများစွာရှိပါတယ်။ “မြတ်စွာဘုရားက အနိစ္စ အမြဲမရှိ “ လို့ မှန်ကန်ခြင်းတရားကို ညွှန့်ပြခဲ့ပါတယ်။ သိတာသိတယ် ဒါပေမယ့် မကျင့်သုံးနိုင်ကြပါဘူး။ အပြောင်းအလဲ တစ်ခုနှင့် ကြုံလျှင် စိတ်ကသိကအောင့်ဖြစ်ကြတာ လူ့သဘာဝ​​ဖြစ်ပါတယ်။
အခု ကိုဗစ်ကာလ ဆိုရင် အပြောင်းအလဲအများကြီးဖြစ်နေတယ်။ နယ်ပယ်ပေါင်းစုံမှာ အပြောင်းအလဲ အများကြီးရှိလာတယ်။ လုံးဝပျောက်ကွယ်သွားတဲ့ လုပ်ငန်းများစွာ၊ အလုပ်ပြုတ်သွားသော ဝန်ထမ်းများစွာ ရှိသလို ၊ လုပ်ငန်း အမျိုးအစားအသစ်များ ၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များစွာပေါ်ပေါက်လာတာ ကိုမျက်ကွယ်ပြုလို့မရတော့ဘူး။
အပြောင်းအလဲ တစ်ခု လုပ်တော့မယ်ဆိုရင် အပြောင်းအလဲ ကို ဦးဆောင်မယ့်သူက အရေးကြီးဆုံးပါ။
ခေါင်းဆောင်ဆိုတာ အပြောင်းအလဲကိုလုပ်ရတယ်။အခြေခံရည်ရွယ်ချက်ကို ခိုင်မာစွာနားလည် ဖို့လိုတယ်။ ပြီးရင် အပြောင်းအလဲမှာ ပါဝင်မယ့်သူတွေကို လိုအပ်တဲ့ အချက်အလတ်တွေ ဆက်သွယ်ပြောကြားနိုင်ဖို့လည်း လိုအပ်ပါတယ်။ နောက်လိုက်တွေက ခေါင်းဆောင်အပေါ် ယုံကြည်မှု့ အပြည့်ရှိမှသာ အပြောင်းလဲ လုပ်ရာမှာ ပါဝင်လာမှာဖြစ်ပါတယ်။
အပြောင်းလဲ တစ်ခု လုပ်တော့မည်ဆိုလျှင် အပြောင်းအလဲ လုပ်ရန် မောင်းနှင်နေသော အချက် ( Driving Force) ၊ အပြောင်းလဲ လုပ်ဖို့ ဆန့်ကျင်နေသော ဆွဲအား ( Restraining Force) များကို သေချာနိူင်းယှဉ်ကြည့်ဖို့လိုပါတယ်။
ကိုယ် အလေးချိန် အဝလွန်နေသူတစ်ယောက် weight လျော့ဖို့ဆိုလျှင် မောင်းနှင်အားက ဆန့်ကျင် အားထက် ပိုနေမှသာ weight. ချဖြစ်မှာဖြစ်ပါတယ်။ ပိန်တော့ပိန်ချင်တယ် ဒါပေမဲ့ အစားမလျော့နိုင်ဘူး ၊ အချိန်မရှိဘူး၊ လေ့ကျင့်ခန်းလုပ်ရတာ မောတယ်၊ အဖော်မရှိဘူး စသဖြင့် ဆန့်ကျင်အားများက မောင်းနှင်အားထက်များနေရင် အရွေ့ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူးရှင် ။ မောင်းနှင်အား ၊ ဆန့်ကျင်အားများ ကိုလည်း သေချာ မှန်ကန်တဲ့ အချက်အလတ်တွေ သတ်မှတ်နိုင်ဖို့ဆိုလျှင် ပတ်ဝန်းကျင် အခြေအနေများကို သေချာလေ့လာဆန်းစသ်နေဖို့လိုပါတယ်။ အခုအပြောင်းလဲ ကာလမှာ ကမ္ဘာကျော် စီးပွါးရေး လုပ်ငန်းတွေအားလုံးဟာ change plan တွေ ဆွဲရပါတယ် ။ ပြောင်းရင် ပြောင်း၊ မပြောင်းရင် ဂျောင်းဖြစ်နေတာကို၊ တခါတရံ ကိုယ်က ပြောင်းချင်ပေမဲ့ အပြောင်းအလဲမှာ ပါဝင်ရမည့် ပတ်သတ်သူတွေက မပြောင်းချင်ရင် အပြောင်းလဲ က မအောင်မြင်ပါဘူး။
ဥပမာ ဘဏ်စနစ်ကို Online စနစ်ဘယ်လိုပဲ ပြောင်းချင်ပါစေ စားသုံးသူတစ်ချို့က ဘဏ်ကို လူကိုယ်တိုင်သွားထုတ်မှ ရတာတွေ၊ နည်းပညာဖွံ့ ဖြိုးမှု့ အားနည်းတာတွေက ပြောင်းလဲရန် အတွက် အခက်အခဲတွေ့စေနိုင်ပါတယ်။
ဒီလိုဆန့်ကျင်မှုတွေကို Resistance to change လို့ခေါ်ပါတယ်။ ဆန့်ကျင်ရတာလည်း အကြောင်းပြချက် များစွာရှိပါတယ်။ နားမလည်လို့ ၊ ကြောက်လို့၊ မသေချာလို့၊ သတင်းအချက်အလတ် မပြည့်စုံလို့၊ စွမ်းရည်မရှိလို့ စသဖြင့် အချက်တွေပါဝင်ပါတယ်။ Causes တွေကို သိရင် Effect တွေကို ကိုယ်လိုချင်သလို ဖြစ်အောင်ပြုပြင်နိုင်ပါတယ်။ လေ့လာသင်ယူစရာ ပုံစံတွေအများကြီး ရှိပါတယ်။
မည်သို့ပင်ဖြစ်စေ အပြောင်းအလဲ မလုပ်လျှင် ကျန်ခဲ့မှာ သေချာနေတဲ့အချိန်မှာ အထိအခိုက် အနည်းဆုံး၊ အဆင်အပြေဆုံး ပြောင်းလဲတက်ဖို့က အရေးကြီဆုံးပဲ ဖြစ်ပါတယ်။ Risk တော့ ယူရမှာမှန်ပေမဲ့ Calculated Risk ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။
လူအများစုက ပြောင်းလဲရမယ် ဆိုရင် comfort zone ထဲမှာ ထွက်ရမည်ဟု ထင်ကြတယ်။ ထွက်ရမှာ မှန်ပေမယ့်လည်း uncomfort zone သို့ သွားခိုင်းနေတာ မဟုတ်ဘဲ better comfort သို့ သွားတာဖြစ်တယ်လို့ ခံယူထားရင်ပိုကောင်းပါတယ်။
ဒီနေရာမှာပြောပြချင်တာက ပြောင်းလဲပါ comfort zoneကနေထွက်ခဲ့ပါဆိုတာ လက်ရှိလုပ်နေတဲ့အလုပ်ကြီးကို ပစ်ချပြီးနောက်အလုပ်တစ်ခုကိုအစကနေပြန်လုပ်ခိုင်းနေတာမျိုးမဟုတ်ပါဘူး။ ကိုယ့်လက်ရှိလုပ်နေတဲ့လုပ်ငန်းခွင်မှာပဲ ပိုပြီးကောင်းမွန်အောင် ပိုပြီးsmoothဖြစ်အောင် စီစဥ်ပြောင်းလဲတာမျိုးကိုပြောတာပါ။ ဥပမာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုစာလောက်က ကျမတို့ ရုပ်မြင်သံကြားအစီအစဥ်တွေမှာ မြန်မာ့လယ်သမားတွေအတွက် အပြောင်းအလဲလုပ်ဖို့အတွက် ကြွေးကြော်ခဲ့တဲ့ ဆောင်ပုဒ်လေးတစ်ခုရှိတယ်။
"လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့" ဆိုတာလေးပါ။ ပြောခဲ့တဲ့အတိုင်းပါပဲ အရင်ထက်စာရင် နွားနဲ့ထွန်နေတဲ့လယ်ထဲမှာ ထွန်စက်တွေရောက်လာတယ် စပါးပုတ်နေကြတဲ့နေရာမှာ ခြွေလှေ့စက်တွေပေါ်လာတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲက လုံးဝပြောင်းလဲသွားပြီလားဆိုတော့ မပြောင်းလဲသေးဘူး ပြောင်းလဲနေစဥ်ပဲရှိပါသေးတယ် ဆယ်စုနှစ်တစ်ခုကုန်သွားပြီ။
ဒါပေမယ့် သိသိသာသာပြောင်းလဲလာတာကတော့ နည်းပညာနယ်ပယ်ပါပဲ အရင်ကကျုဘ်မော်နီတာနဲ့သုံးရတဲ့ ကွန်ပျူတာကြီးတွေ နေရာအများကြီးစားပြီး အလုပ်နဲနဲပဲခိုင်းလို့ရတဲ့ ကွန်ပျူတာကြီးတွေနေရာမှာ လက်တစ်ဝါးစာ စမတ်ဖုန်းလေးတွေကနေရာယူလာကြပြီ။ ဒါအပြောင်းအလဲတစ်ခုမှာ ပြောင်းလဲသင့်ကြောင်းကို သက်သေပြနေတဲ့သာဓကတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် ဒီစမတ်ဖုန်းလေးတွေမပေါ်လာခင်မှာ ကျမတို့တွေ riskအများကြီးယူခဲ့ကြရတယ်။
အကောင်းအဆိုး ဒွန်တွဲနေရတဲ့သဘောအရ အပြောင်းအလဲကိုလုပ်ချင်တဲ့သူဟာ အကျိုးအမြတ်အပြင် ဘေးထွက်ဆိုးကျိုးကိုပါလက်ခံတတ်ဖို့လဲလိုပါတယ်။ အဆိုးဘက်ကိုများတဲ့ပြောင်းလဲမှုလား အကောင်းဘက်ကိုများတဲ့ပြောင်းလဲမှုလားဆိုတာကတော့ ကိုယ်တိုင်ချိန်ဆဖို့လိုတာပါ။
နောက်တစ်ခုက ကိုယ်တိုင်ပြောင်းလဲချင်တဲ့စိတ်ရှိဖို့လည်း အဓိကကျပါတယ်။ အပြောင်းအလဲက တစ်ခါတစ်ရံမှာ ကိုယ်တစ်ယောက်တည်းပြောင်းလဲချင်နေယုံနဲ့လဲမပြီးလို့ပါ။ ကိုယ်နေထိုင်တဲ့အသင်းအဖွဲ့၊အစုအဝေး၊လူမှုပတ်ဝန်းကျင်ကလည်းပြောင်းလဲမှသာ အပြောင်းအလဲကိုရမယ့်အခြေအနေမှာရှိပါတယ်။ ဒါဆိုဘယ်လိုလုပ်မှာလဲ ကိုယ်တိုင်ကစပြောင်းလဲတတ်ဖို့လိုတာပါ။ ကိုယ်ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့ခက်နေတဲ့ အလုပ်ကိုသူများကိုသွားပြောင်းခိုင်းရင်ရမှာမဟုတ်ပါဘူး။ ကမ္ဘာကြီးကိုပြောင်းလဲဖို့မကြိုးစားခင်မှာ မိမိကိုယ်ကိုပြောင်းလဲတတ်အောင်လေ့ကျင့်ဖို့လိုပါတယ်။
မြန်မာပြည်မှာ အမှိုက်အလွယ်တကူချတတ်တဲ့အကျင့်ဟာအတော်ဆိုးပါတယ်။ ပြောကြရင်တော့ သန့်ရှင်းစေချင်တယ်ဆိုတာချည်းပဲ ဒါပေမယ့်ပြောတဲ့လူကိုယ်တိုင် သန့်သန့်ရှင်းရှင်းနေဖို့ စိတ်အားထက်သန်မှုရှိမရှိဆိုတာ အရေးကြီးပါတယ်။ ကျမလက်ရှိနေထိုင်တဲ့ မန္တလေးမြို့ကြီး Smart Cityဖြစ်လာဖို့ လက်ရှိမြို့တော်ဝန်ကြီးဟာအတော်ကို ကြိုးစားယူရပါတယ်။ အပြောင်းအလဲအတွက်ကို riskတွေအများကြီးယူခဲ့ပါတယ်။ ဒီနေရာမှာ သူကိုယ်တိုင်ကပြောင်းလဲဖို့ စိတ်အားထက်သန်လေတော့ လိုက်ပြီးမန်းသူမန်းသားတွေလဲပြောင်းလဲတတ်ဖို့ စိတ်ပါဝင်စားလာကြတာကို မန္တလေးမြို့တော်စည်ပင်သို့ တိုင်ကြားတင်ပြချက်များ ဆိုတဲ့ groupလေးမှာ ဝင်လေ့လာကြည့်ရင်မြင်နိုင်ပါတယ်။
ကျမတပည့်လေးတစ်ယောက်ပြောဖူးတယ် တီချယ် ကျနော်တို့ရှမ်းပြည်က မြို့တော်တောင်ကြီးက အရမ်းကိုသန့်ရှင်းတဲ့မြို့တစ်မြို့ဖြစ်ခဲ့တာဗျ တဲ့ သူတို့ငယ်ငယ်ကဆိုတောင်ကြီးမှာနေဖို့ဆိုတာအိမ်မက်တစ်ခုပဲတဲ့ သူတို့မြို့တော် တောင်ကြီးကသန့်ရှင်းသပ်ရပ်နေတော့ သူတို့ကိုယ်တိုင်က တောင်ကြီးရောက်ရင် စည်းမဲ့ကမ်းမဲ့အမှိုက်ပစ်ရမှာ စိုးရိမ်တယ်တဲ့ စိုးရိမ်လို့တစ်ခါတစ်လေ အဝတ်လျှော်တိုင်း အိတ်ကပ်တွေထဲမှာမပစ်ပဲထည့်ထားမိတဲ့အမှိုက်တွေအများကြီးဖြစ်ဖြစ်နေတတ်တယ်တဲ့။ ဘာလို့အမှိုက်မပစ်ချင်လဲဆိုတော့ စည်းမဲ့ကမ်းမဲ့အမှိုက်ပစ်တာက သူတို့မြို့တော်ကိုညစ်ပတ်အောင်လုပ်တာဖြစ်တဲ့အတွက် သူတို့ဒေသခံမဟုတ်ဘူးဆိုတာသိပ်သိသာသွားတယ်တဲ့ လူတစ်ယောက်ကစည်းကမ်းမဲ့အမှိုက်ပစ်လိုက်တာမြင်တာနဲ့ ဒါတောင်ကြီးသားမဟုတ်ဘူးလို့ကို တမ်းသိကြသတဲ့ ဒီကိစ္စလေးကိုကြည့်ရင် သူတို့ဘိုးဘေးတွေလက်ထက်မှာ သန့်ရှင်းအောင်နေကြဖို့ အပြောင်းအလဲတစ်ခုကိုစတင်ခဲ့တဲ့အတွက် အဖွဲ့အစည်းတစ်ခုလုံးကလိုက်ပြောင်းလဲလာကြတယ်ဆိုတာမြင်သာစေပါတယ်။
ဒါ့ကြောင့် အပြောင်းအလဲကိုရင်ဆိုင်ဖို့ ကိုယ်တိုင်သတ္တိရှိဖို့လိုပါတယ်။ ကိုယ်တိုင်ကလဲပြောင်းလဲချင်စိတ်ရှိဖို့လိုသလို အပြောင်းအလဲရဲ့အကျိုးရလဒ်ကိုလည်းမြင်တတ်ဖို့လိုပြီး ပြောင်းလဲဖို့အတွက်ရင်းနှီးရမယ့် အရင်းအနှီးတွေကို အလေအလွင့်မရှိအောင် စီမံတတ်ဖို့လဲလိုပါတယ်လို့ပြောပြချင်ပါတယ်။ စာလဲရှည်သွားပါပြီရှင်....
အားလုံးပဲ ကောင်းသောအပြောင်းအလဲတွေကို ဖန်တီးရင်း ပိုမိုကောင်းမွန်တဲ့ဘဝတွေကိုရရှိနိုင်ကြပါစေ
ကိုယ်ခက်ခက်ခဲခဲနဲ့အောင်မြင်အောင် ပြောင်းလဲနိုင်ခဲ့တဲ့ အပြောင်းအလဲလေးတွေလဲ ကျမရဲ့ဒီဆောင်းပါးလေးcommentတွေမှာ အားလုံးကိုဝေမျှသွားစေချင်ပါတယ် ရေးခဲ့ပါဦးနော်
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life!

 
Anyone in the world

ဒီမေးခွန်းလေးအတွက် သေချာတဲ့အဖြေကတော့ သေချာပါတယ်။ လုံးဝနေလို့မရပါဘူး။ လူဆိုတာ အစုအဖွဲ့အသိုင်းအဝိုင်းနဲ့ နေတတ်ကြတဲ့သက်ရှိမျိုးစိတ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်နဲ့ သဘောထားခြင်း တိုက်ဆိုင်ပြီး အတွေးအခေါ်တူရင်၊ စိတ်၀င်စားမှုတူရင် ခင်မင်ရင်နှီးကြတယ်။ မတွေ့တာကြာရင် တွေ့ဆုံဖို့ ကြိုးစားကြတယ်။ ပျော်ရွှင်စရာရှိလျှင် အတူတူပျော်ရွှင်ကြတယ်၊ နာကျင်စရာ ရှိရင်အတူတူခံစားကြတယ်။ အခက်အခဲတွေရှိလျှင် အတူတူဖြေရှင်းကြပါတယ်။
မိတ်ဆွေကောင်းတစ်ဦးရှိလျှင် ကိစ္စတစ်သောင်းပြီးတယ်ဆိုတဲ့စကားရှိပါတယ်။ တစ်ခုခုသိချင်လျှင် မိတ်ဆွေတွေဆီမေးလို့ရပါတယ်။ တစ်ခုခု အခက်အခဲရှိလျှင်လည်း အကူအညီတောင်းလို့ရပါတယ်။ Network is Power ပါ။ ကိုယ့်လက်ဖြန့်ထားလျှင် ကိုယ်ကလဲပေးပြီး ပြန်လဲရနိုင်ပါတယ်။ ကိုယ်လက်ဆုပ်ထားလျှင်တော့ ကိုယ့်ဆီကလဲ မထွက်သလို ဘာမှလဲ ၀င်လာမှာမဟုတ်ပါဘူး။ ကိုယ်ကလိုချင်ရင်တော့ ကိုယ်ကလဲပေးဖို့ အသင့်ဖြစ်ရမှာဖြစ်ပါတယ်။ မိတ်ဆွေကောင်းတွေလိုချင်ရင် ကိုယ်ကအရင် မိတ်ဆွေကောင်း ဖြစ်ရပါမယ်။ အစိုးရကောင်းလိုချင်ရင် ကိုယ်ကလဲနိုင်ငံသားကောင်း ဖြစ်ရပါမယ်။ သားသမီးကောင်းလိုချင်ရင် ကိုယ်ကလဲ မိဘကောင်း ဖြစ်ရပါမယ်။ တပည့်ကောင်းလိုချင်ရင် ကိုယ်ကလဲ ဆရာသမား ဂုဏ်နှင့်ပြည့်စုံရပါမယ်။ အရမ်းကို ရိုးရှင်းပါတယ်။ ကိုယ်လိုချင်တဲ့ အရာတွေဟာ ကိုယ်ကနေစရတာပဲ၊ ပိုမိုကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ဖို့ ဆိုလျှင်လဲ လူတစ်ဦးချင်းဆီက လူ့ကျင့်၀တ်နှင့်ပြည့်စုံသော လူသားကောင်းများဖြစ်ဖို့လိုပါတယ်။
စီးပွားရေးလုပ်လျှင်လဲ အဲလိုပဲ ပတ်၀န်းကျင်ကောင်းတွေရှိဖို့လိုပါတယ်။ အပေါ်မှာပြောခဲ့သလိုဘဲ ကောင်းမွန်တဲ့စီးပွားရေး အသိုင်းအဝိုင်းကောင်းဖို့ဆိုလျှင် မိမိစီးပွားရေးက စပြီး ကောင်းမွန်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ကောင်းမွန်ပြည့်စုံတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ဖို့ဆိုလျှင် လုပ်ငန်းနှင့်ပတ်သက်သော လူများအားလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ စီးပွားရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက် တခုကို ဆုံးဖြတ်တော့မည်ဆိုလျှင် Stakeholders (people involved )အားလုံးကို စဉ်းစားပေးရမှာဖြစ်ပါတယ်။ ပါ၀င်ပတ်သက်သူများကို သေချာခွဲခြမ်းစိတ်ဖြာလေ့လာခြင်းကို Stakeholder analysis ပြုလုပ်ခြင်းဟု ခေါ်ပါတယ်။ ပထမဆုံးကိုယ့်လုပ်ငန်းနှင့်ပတ်သက်သူများအားလုံးကို သေချာနားလည်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ အများအားဖြင့် Stakeholder ကို စဉ်းစားတဲ့အခါ (၁) စျေး၀ယ်သူများ (၂) ၀န်ထမ်းများ (၃)အစိုးရ (၄) ပိုင်ရှင် (၅)ပြိုင်ဖက်များ (၆) ငွေကြေးထုတ်ချေးပေးသူများ (၇) ပတ်၀န်းကျင်လူထု (၈) ကုန်ကြမ်းတင်သွင်းသူများ ကို ထည့်သွင်းစဉ်းစား လေ့ရှိပါတယ်။
လုပ်ငန်းအမျိုးအစားကိုလိုက်ပြိး အရေးကြီးမှုခြင်းလဲ မတူကြပါဘူး။ ဥပမာ ဓါတ်ဆီဆိုင်ဖွင့်ထားတဲ့သူက မီးသတ်ဦးစီးဌာနနှင့် ချောမွေ့သော ဆက်ဆံရေးရှိဖို့လိုပေမယ့် ၊ စာအုပ်ဆိုင် လိုလုပ်ငန်းမျိုးအတွက် အရေးအကြီးဆုံးက ထုတ်ဝေသူလဲ ဖြစ်နိုင်ပါတယ်။ လက်လီအရောင်းလုပ်ငန်းအတွက် Low Spent Customer က အရေးကြီးပေမယ့် လက်ကားလုပ်ငန်း လုပ်ငန်းများအတွက်ကတော့ High Spent Customer က ပိုအရေးကြီးမှာဖြစ်ပါတယ်။
၁ ။ ပထမဆုံး အစိုးရကို စဉ်းစားကြည့်ရအောင် အစိုးရ သတ်မှတ်ထားတဲ့ဥပဒေ၊ ဥပဒေသတ်မှတ်စည်းကမ်း၊ ဥပဒေသတ်မှတ်ချက်များကို လိုက်နာရမှာဖြစ်ပါတယ်။ မိမိလုပ်ကိုင်နေသောလုပ်ငန်းနှင့် ပတ်သက်သော အစိုးရသတ်မှတ်ချက်များကို သေချာသိရှိလိုက်နာဖို့လိုအပ်ပါတယ်။
၂။ ဒုတိယအနေနဲ့ စျေး၀ယ်သူများကို စဉ်းစားကြည့်ပါမယ် ရွေးခြယ်စရာများပြားလှသော ခေတ်ထဲတွင် စားသုံးသူများ၏ ရွေးချယ်မှုခံရဖို့လိုပါတယ်။ စျေး၀ယ်သူများ၏ လိုအပ်ချက်၊ စျေး၀ယ်သူများ၏ဆန္ဒ၊ စျေး၀ယ်သူများ၏ နှစ်သက်မှု၊ အဆင်မပြေမှုများကို သေချာခွဲခြမ်း စိတ်ဖြာတတ်ဖို့လိုအပ်ပါတယ်။
၃။ တတိယအနေနဲ့ ၀န်ထမ်းများကို စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်အများစုက ‘Customer is First ‘ ‘ Customer is God ‘ ‘Customer is King’ ဒီလိုဆိုကြပါတယ်။ Customer ကို ၀န်ဆောင်မှုပေးနေသော ၀န်ထမ်းကိုမေ့လျော့နေတတ်ကျပါတယ်။ ဖြစ်သင့်တာက ၀န်ထမ်းကပထမ စျေး၀ယ်သူက လုပ်ငန်း တစ်ခုလုံးအတွက် အရေးကြီးတယ်လို့ ဖြစ်သင့်ပါတယ်။
EMPLOYEE IS FIRST BUT CUSTOMER IS IMPORTANT FOR ALL OF US လို့ ဖြစ်သင့်ပါတယ်။ ၀န်ထမ်းများရဲ့ လိုအပ်ချက်၊ ဆန္ဒ၊ အရည်အချင်းလိုအပ်ချက်များကို သေချာစဉ်းစားပြီး ဖြည့်ဆည်းပေးရမှာပါ။ ၀န်ထမ်းဆီက သစ္စာစောင့်သိကျိုးပန်းမှုကို လိုချင်လျှင် ၀န်ထမ်းကိုလဲ လုပ်ငန်းဖက်က ဖေးမကူညီစောင့်ရှောက် ပေးရမှာဖြစ်ပါတယ်။
၄။စတုတ္တအနေနဲ့ ကုန်ကြမ်းသွင်းသည့်ကုန်သည်များကို စဉ်းစားကြည့်ပါမယ် ဂျုံသားမကောင်းရင် ပေါင်မုန့်သားလဲ မကောင်းပါဘူး၊ မြေပဲစိုက်တဲ့တောင်သူတွေစိုက်ပျိုးမှုမရှိလျှင် ပဲဆီစစ်စစ်လဲစားသုံးရမှာ မဟုတ်ပါဘူး။ ဟင်းပွဲတွေရဲ့ အသက်ကလဲ အသုံးပြုပါ၀င်ပစ္စည်းများရဲ့ အရည်အသွေးက အဓိက ကြလှပါတယ်။ ကုန်သည်များနဲ့ အရေးပါမှု့ကိုလဲ လျော့တွက်လို့မရပါဘူးရှင့်။
၅။ ပဉ္စမအနေနဲ့ ပတ်၀န်းကျင် လူထုကို စဉ်းစားပေးရမှာပေါ့။ ကိုယ့်လုပ်ငန်းကြောင့် ပတ်၀န်းကျင် ကို ထိခိုင်မှု ရှိ/မရှိ ကို စဉ်းစားပေးရမှာပါ။ အသံဆူညံမှု၊ အနံ့ အသက်၊ ရေဆိုးများ ကားလမ်းပိတ်မှု၊ လေထုညစ်ညမ်းမှု စသည့်ဖြင့်် ဘက်ပေါင်းစုံကနေစဉ်းစားပေးသလို ပါတယ်။ ယဉ်ကျေးမှုရှိခြင်း၊ ကိုယ်ချင်းစာမှု့ရှိခြင်း၊ လူသားပီသမှု့ရှိခြင်း တို့နဲ့ပိုမိုသက်ဆိုင်ပါတယ်။ ကျင့်၀တ်လိုက်နာသော စီးပွားရေးသည် လူ့အသိုင်းအဝိုင်းမှာ နာမည်ကောင်း ပိုမိုရစေပါတယ်။
၆။ ဆဌမ အနေနဲ့ ပြိုင်ဖက်များကို စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ ယဉ်ကျေးလာတဲ့ လူ့အသိုင်းအဝိုင်း မှာ သူတဖက်သားအတွက်လဲ စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ စီးပွားရေးမှာ မိမိတစ်ကိုယ်တည်းကောင်းစားဖို့လုပ်ခြင်းဟာ စက်ဆုပ်ဖွယ်ကောင်းပါတယ်။ လုပ်ငန်းတစ်ခုကောင်းဖို့ဖြစ်လာပြီး ကျန်လုပ်ငန်းများအထိနာခြင်းကလဲ လူ့အသိုင်းအဝိုင်းကို ထိခိုက်စေသော အရာပင်ဖြစ်ပါသည်။
နောက်ဆုံးနှစ်ခုကတော့ ပိုင်ရှင် (သို့) ရင်းနှီးမြုတ်နှံသူ နှင့် ချေးငွေထုတ်ပေးသူတို့ဖြစ်ပါတယ်။
လုပ်ငန်းတစ်ခုလုံးရဲ့ လည်ပတ်မှု့ ပုံစံနဲ့ အခြေအနေ အများစုဟာ လုပ်ငန်းပိုင်ဆိုင်သူ (သို့) ရင်းနှီးမြုတ်နှံသူနဲ့ အများကြီးသက်ဆိုင်မှုရှိပါတယ်။ လုပ်ငန်းတစ်ခုကို အကြံပေးတော့မည် ဆိုလျှင် လုပ်ငန်းပိုင်ရှင်နဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ အတွေ့အကြုံစတဲ့ အရာတွေပေါ်မှာမူတည်ပြီး စဉ်းစားရပါတယ်။
ချေးငွေဖြင့်လည်ပတ်ရသောလုပ်ငန်းများကတော့ မိမိလုပ်ငန်းကို ချေးငွေထုတ်ချေးပေးသော၊ မိမိက ပြန်ပေးရန်တာဝန်ရှိသော အကြွေးရှင်များ အတွက်ကိုလည်း ထည့်သွင်းစဉ်းစားပေးရပါမယ်။ ထိုလုပ်ငန်းများလည်း စီးပွါးရေးလုပ်ငန်းဖြစ်သောကြောင့် အတိုးမှန်မှန်ရရှိဖို့၊ ငွေအရင်းကို သတ်မှတ်ထားတဲ့အတိုင်း ပြန်ဆပ်ခံရဖို့ အရေးကြီးပါတယ်။
လူ့အသိုင်းဝိုင်း တစ်ခုလုံးကောင်းဖို့ရန်မှာ ကိုယ်နှင့်ပတ်သက်နေသော stakeholders များအားလုံးအတွက် စဉ်းစားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် လုပ်ငန်းတော်တော်များများကလည်း mission ၊ vision သတ်မှတ်တဲ့အခါ လူ့အသိုင်းအဝိုင်းအတွက်လို့ပါ လာကြပါတယ်။
ထိုသို့ Stakeholder တစ်ခုနဲ့တစ်ခုအပြန်အလှန် စဉ်းစားပြီး မျှတစွာ စဉ်းစားပေးမယ်ဆိုလျှင် လုံခြုံပြီး နေထိုင်ရတာ ပိုမိုကောင်းမွန်သော လူ့အသိုင်းအဝိုင်း တစ်ခုဆီသို့ရောက်ရှိမှာမလွဲပါဘူး။
ခေတ်ကာလတွေပြောင်းလဲလာတဲ့အခါ ကိုယ်နိုင်သူရှုံး ဆိုသော အတွေးအခေါ်တွေ မရှိတော့ဘဲ သူလဲ အဆင်ပြေ ကိုယ်လဲ အဆင်ပြေ ဆိုတဲ့ ပို၍ ယဉ်ကျေးသော အတွေးအခေါ်များဖြင့် အလုပ်လုပ်ကိုင်လာကြပါတယ်။ ယခုကာလတွင် ရန်ကုန်မြို့တွင် ကိုဗစ်၁၉ ဖြစ်ပွားမှုနှုန်း အလွန်ပင်များပြားလာ၍ ၀န်ထမ်းများလဲ ပင်ပန်း၊ ပရဟိတသမားများလဲ ပင်ပန်းလာကြပါတယ်။ ထိုအခြေအနေတွင် အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေး ၀န်ထမ်းများ ပရဟိတသမားများက အားတင်းထားရန်ကုန် ငါတို့လာပြီ ဆိုပြီး ချီတက်လာကြပါတယ်။ သတင်းတွေဖတ်ပြီး မျက်ရည်ဝဲသည်အထိ ကြည်နူးရပါတယ်။
ကျမရဲ့ဇာတိ နောင်ချိုမြို့မှ စေတနာမွန် လူငယ်အဖွဲ့သည်လဲ ရန်ကုန်မြို့တွင် ယခုအထိ လူမှုတာ၀န်များကို အားကြိုးမာန်တက် ကူညီလုပ်ဆောင်ပေးနေကြပါတယ်။ မြို့တွင်ကျန်ခဲ့တဲ့အဖွဲ့၀င်များကရှိသည့် အားနှင့်ပိုမို အားစိုက်၍ မြို့လေးကိုကူညီကြပါတယ်။ မြို့နေလူထုကလည်း ဂုဏ်ယူစွာဖြင့်အားပေးကြ၊ ဂုဏ်ယူကြ၊ အလှူငွေတွေလှူဒါန်း၊ ဆုတောင်းမေတ္တာပို့ပေးကြနှင့် တွေ့မြင်ရသည်မှာလွန်စွာကြည်နှုးဖွယ်ကောင်းလှပါတယ်။ ဤကဲ့သို့သော လူ့အသိုင်းအဝိုင်းမှာ နေထိုင်ရသည်မှာလဲ ဂုဏ်ယူစရာကောင်းလှပါတယ်။
“ ပိုမိုကောင်းမွန်သော လူ့အသိုင်းဝိုင်းကိုရရှိဖို့ မိမိကနေစကြပါစို့ “
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life

 
Anyone in the world

တပည့်လေးတစ်ယောက် က သူ့မှာ ပြဿနာအကြီးကြီးတက်နေကြောင်း ရင်ဖွင့်လာသည်။ ကျမ စိတ်ပူပန်စွာနဲ့ မေးလိုက်တော့ သူ့ အ​ဖေကမွေးနေ့လက်ဆောင်အနေနဲ့ သိန်း၃၀၀ ပတ်၀န်းကျင်တန်ကား၀ယ်ပေးမယ်ပြောတာကြောင့် ခေါင်းခြောက်နေရကြောင်း၊ ဘာရွေးရမှန်းမသိဖြစ်နေကြောင်းပြောလာပါတယ်။ တွေးမိတာ ဟယ် ကားအသစ်တစီးရမယ့်ကိစ္စက ပြဿနာလားပေါ့။ တခြားတပည့်တစ်ယောက်ကလည်း နိုင်ငံခြားပညာတော်သင်သွားဖို့ ရွေးခြယ်ရင်းပြဿနာတက်နေကြောင်း၊ ဖြစ်ချင်တာကများ၊ ရွေးချယ်စရာကများ၊ ကန့်သတ်ချက်မျိုးစုံ နဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်နေကြောင်း ပြောပြလာပါတယ်။ တချို့ကလေးတွေကျတော့လည်း ဆယ်တန်းအောင်ပြီးကျောင်းဆက်တက်ဖို့ အခက်အခဲတွေရှိနေကြတယ်။ ပညာသင်ဖို့ ပြဿနာအမျိုးအစားတွေကလဲ မတူကြပါ။ ငရုတ်သီးမှုန့်စက်ရုံပိုင်ရှင်သူငယ်ချင်းက ပြောပြလာတာကြတော့လဲ တစ်မျိုးပါ။ အပင်ပေါ်ကခူးလာတဲ့ ငရုတ်သီးတောင့်တွေကို ၄၈ နာရီ မပြည့်ခင် အခြောက်ခံပေးဖို့လိုပါတယ်တဲ့ အခြောက်မခံနိုင်ရင် မှိုကသူ့ အလိုလို၀င်လာမှာတဲ့၊ ကော်ဖီမှုန့်ကို အိမ်မှာတင်ကြိတ်ရောင်းတဲ့ သူငယ်ချင်းကကျတော့ ကော်ဖီစေ့ကိုသေချာခြောက်အောင်လှမ်းပြီးမှ ကြိတ်တဲ့အခါ မွှေးနေတာတဲ့၊ အစိမ်းနံ့ကျန်ရင် ကော်ဖီနံ့ကမမွှေးဘူးတဲ့၊ အခြောက်ခံချင်တာချင်းတူတာတောင် ကြာချိန်၊ လိုချင်တဲ့အနေအထားတွေက မတူညီကြပါဘူး။ ပြဿနာလို့ ပြောတာချင်းအတူတူ ပြာဿနာတွေကမတူကြပါဘူး။ တချို့ သူတွေက လဲ ပိုက်ဆံကို ဘယ်လိုသုံးရမလဲ ပြဿနာတက်နေကြတာပါ။
ကျမယူဆချက်ကတော့ ပြဿနာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ဖြေရှင်းရမယ့် ကိစ္စလို့တွေး လိုက်ရင် ဖြေရှင်းရတာ တော်တော် အဆင်ပြေသွားပါတယ်။ အပြုသဘောလဲဆောင်ပါတယ်။
ပြဿနာလို့ ပြောလိုက်ရင် အများစုက မကောင်းတဲ့အရာ စိတ်ပျက်စရာ ဒီလိုတွေးတတ်ကြပါတယ် ၊ တချို့အတွက်ကတော့ ပေါ့ပေါ့ပါးပါးပဲ ဖြေရှင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်သွားကြပါတယ်။ ကျမရဲ့ အတွေ့အကြုံအရ လူတွေ ကြုံတွေ့နေရတဲ့ ပြဿနာပမာဏဟာ သူရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည် ရရှိတဲ့ရာထူးအဆင့်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ တိုင်းပြည်တစ်ပြည်ကိုအုပ်ချုပ်ချင်တဲ့လူတစ်ယောက်ဟာ
မြို့ငယ်တစ်ခုကို နိုင်နင်းစွာ အုပ်ချုပ်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူဖြစ်ခဲ့မှသာလျှင် ပြည်နယ်အဆင့်၊ တိုင်းအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် နိုင်ငံအဆင့်၊ ထိုမှတဆင့် ကမ္ဘာအဆင့်ထိ တက်လှမ်းသွားနိုင်မှာပါ။
အောက်ခြေမှာတင် သေးငယ်တဲ့ အကြောင်းကိစ္စလေးတွေကိုတောင် မဖြေရှင်းနိုင်ဘဲ ပိတ်မိနေတဲ့လူဟာ အပေါ်အဆင့်ထိ တက်လှမ်းဖို့ ခက်လှပါတယ်။ ဒီနေ့ခေတ်မှာ ပြဿနာဖြေရှင်းနိုင်တဲ့ အရည်အသွေး ဟာ အလုပ်ရှင်တိုင်း တောင်းဆိုလာတဲ့ မရှိမဖြစ်အရည်အချင်းဖြစ်လာပါတယ်။ အောက်ခြေအဆင့်၀န်ထမ်းတွေဟာ အောက်ခြေပြဿနာ တွေနဲ့ ပိတ်မိနေတဲ့အချိန်မှာ ထိပ်ဆုံးအဆင့်က အုပ်ချုပ်သူတွေအတွက်ကတော့ လုပ်ငန်းတွင်းအခြေအနေ၊ လုပ်ငန်းပြင်ပအခြေအနေ၊ နိုင်ငံရေး၊ စီးပွားရေးအခြေအနေအားလုံး ဆက်စပ်စဉ်းစားပြီး လုပ်ငန်းပိုမိုတိုးတက်ဖို့၊ ရေရှည်ရပ်ဖို့ စဉ်းစားဖြေရှင်းရပါတယ်။
လုပ်ငန်းတွေလုပ်ကိုင်တဲ့ လူတွေမှာ နည်းပညာရပ်ဆိုင်ရာ အရည်အချင်း ( Technical Skills ) လူအများနှင့်ပေါင်းစည်းချိတ်ဆက် လုပ်ကိုင်နိုင်တဲ့အရည်အချင်း ( Human Skills )၊ ခြုံငုံ သုံးသပ်နိုင်တဲ့အရည်အချင်း ( Conceptual Skills ) အစရှိတဲ့ အရည်အချင်း သုံးမျိုးလုံးကို နေရာအလိုက် ယူထားရတဲ့ရာထူးအပေါ် မူတည်ပြီး မှန်ကန်စွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။
ဒီနေ့ခေတ်မှာ အကြောင်းပြချက်ပေးခြင်းဟာ အရည်အချင်းနည်းပါးတယ်ဆိုတာ ဖော်ပြနေခြင်းလို့ လက်ခံလာကြပါတယ်။ ကိစ္စတိုင်းကို အထိအခိုက်အနည်းဆုံး နဲ့ ပန်းတိုင်ရောက်အောင် ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။
ဖြေရှင်းဖို့လိုတဲ့ ပြဿနာမှာ တချို့အရာတွေက ဖြစ်ပြီးသွားလို့ ဖြေရှင်းရတာမျိုး ( ဥပမာ - ရောင်းအားကျတာ ) ကြိမ်ဖန်များစွာ စက်ပစ္စည်းတွေပျက်တာ၊ Customer Complaint တက်တာနဲ့ တချို့ကိစ္စတွေကလိုချင်တဲ့အဖြေ၊ ပန်းတိုင်ရောက်ဖို့ ဘယ်လိုချဉ်းကပ်ရမလဲဆိုပြီး ဖြေရှင်းဖို့လိုတာလဲ ဖြစ်နိုင်ပါတယ်။ ဥပမာ - ရောင်းအား နှစ်ဆတက်ဖို့၊ ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်ဖို့ အဆင့်မြှင့်ပညာတွေ သင်ယူဖို့တွေဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ သတ်မှတ်ထားတဲ့ပန်းတိုင်ကို ရောက်အောင်ချဉ်းကပ်ရမှာဖြစ်ပါတယ်။ ဖြစ်ခဲ့ပြီးသော ပြဿနာများကို ဖြေရှင်းရာတွင် ပြဿနာကိုဖြစ်စေသောအကြောင်း ( Root Causes ) များကို သေချာရှာဖွေဖို့ လိုပါတယ်။ ဆီးချိုရောဂါဖြစ်ပြီးသွားပြီး ရောဂါပိုဆိုးမလာစေရန် အချိုရှောင်ဖို့လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဖို့ လိုပါတယ်။ ဆေးမှန်မှန်သောက်ဖို့လိုပါတယ်။ သို့မှသာ နောက်ဆက်တွဲ ရောဂါဆိုးတွေ၀င်မလာမှာဖြစ်ပါတယ်။
မဖြစ်သေးသော ပန်းတိုင်ကို ရောက်အောင်သွားတော့မယ်ဆိုလျှင်လဲ လိုအပ်သောအရာများ၊ ချဉ်းကပ်မှုများ၊ နည်းလမ်းများ၊ ဘက်စုံ၊ ထောင့်စုံက တွေးတောချဉ်းကပ်ရမှာဖြစ်ပါတယ်။
Problem Solving Skills ပိုင်ဆိုင်ဖို့နည်းလမ်းများကို သိရှိပြီး လက်တွေ့ကျကျ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်ဘ၀မှာတွေ့ကြုံရသော ကောင်းသော၊ ဆိုးသော ကိစ္စရပ်များကို အောင်မြင်စွာဖြေရှင်းနိုင်သော အရည်အချင်းများပိုင်ဆိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်။
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life

 
Anyone in the world

ဒီမေးခွန်းကိုမေးဖြစ် နေခဲ့တာ တော်တော်ကြာပါပြီ။ အချိန်ကို စီမံခန့်ခွဲခြင်းနှင့်ပါတ်သက်သော သင်ခန်းစာများကိုလည်း မြောက်များစွာလေ့လာဖြစ်ဖြစ်ခဲ့ပါတယ်။ အချိန်ဇယားပေါင်းများစွာရေးဆွဲခဲ့ပြီး ခဏလေးနှင့် အသုံးမ၀င်တော့တာတွေတွေ့လာရပါတယ်။ ကျမ(၁၀)တန်းတက်စဉ် 1994-1995 အချိန်တုန်းကဆိုလျှင် (၁၀)တန်းကျောင်းသား(၁)ယောက်ရဲ့ စာကျက်ချိန်ဟာ အနည်းဆုံး (၅)နာရီခန့် ရှိရပါမယ်ဟု အထပ်ထပ်သတိပေးဆုံးမ ခံရပါတယ်။ ကျမ (၁၀)တန်းကို ပြင်ဦးလွင်မြို့၊ အထက(၂)တွင် တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ ကျမ အဖေရဲ့ ညီမအိမ်မှာ နွေးထွေးသောစောင့်ရှောက်မှုများ တင်းကြပ်သော စည်းကမ်းတွေနဲ့ အတတ်နိုင်ဆုံး လိမ်လိမ်မာမာနေထိုင်ခဲ့ပါတယ်။
အချိန်ကိစ္စ ပြန်ဆက်ရမယ်ဆိုလျှင် စာကျက်ချိန်(၅)နာရီပြည့်ဖို့အရေးတော်တော် ကြိုးစားရပါတယ်။ ညဆိုလျှင် (၇)နာရီမှ စပြီး စာကျက်ပါတယ်။ (၁၀)နာရီထိုးတာနှင့်အိပ်ပါတယ်။ မနက်ဆိုလျှင် (၄)နာရီအတိ စတင်စာကျက်ပြီး (၆)နာရီအထိ စာကျက်ပါတယ်။ ကျောင်းမဖွင့်ခင်အထိ အဆင်ပြေ​ပေမယ့်​​လည်း၊ ကျောင်းဖွင့်တဲ့အခါ သချာင်္ကျူရှင်က (၆)နာရီအမှီသွားရပါတယ်။ မနက်(၅)နာရီကျောင်းသွားဖို့ပြင်ဆင်၊ (၅)နာရီခွဲ အိမ်က စထွက်မှသာ ကျမနေထိုင်ရာ ကျောက်တိုင်နားမှ စျေးလေးနားကို အချိန်မှီရောက်နိုင်ပါတယ်။ မနက်(၁)နာရီ စာကျက်ချိန်လျော့သွားပါနယ်။ မနက်(၄)နာရီထက်လည်း စောမထနိုင် ည(၁၀)နာရီထက်လည်းနောက်ကျပြီးမှ မအိပ်နိုင်တဲ့ကျလဲ ဥာဏ်ထုတ်ရပါတော့တယ်။ ကျောင်းမှ မုန့်စား ဆင်းချိန် မိနစ်(၂၀)ထဲမှ (၁၅)မိနစ်ကို စာလုပ်ပါတယ်။ နေ့လည်ထမင်းစားချိန် (၁)နာရီထဲမှ (၄၅)မိနစ် ကို စာလုပ်ခြင်းအားဖြင့် လျော့သွားသော (၁)နာရီ ကို ပြန်ထည့် လိုက်နိုင်ပါတယ်။ (၅)နာရီတော့ အလွန်ခံ လို့မရဘူးလေ၊ ဒီလိုနှင့် (၅)နာရီပြည့်ဖို့အရေး အမျိုးမျိုးအချိန်ဇယားတွေ ပြောင်းဆွဲရင်း၊ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲရင်း နှင့် ဘ၀မှာ နောင်တရ စရာမရှိအောင်တော့ စွမ်းသလောက် ကြိုးစားနေထိုင်ခဲ့ပါတယ်။
ကလေးမိခင်ဘဝရောက်တော့လည်း ကလေးများကိုလည်း ဂရုစိုက်ခြင်း၊ လေ့လာသင်ယူမှုကိုလဲ မရပ်ချင်၊ ဝါသနာပါတဲ့ သင်ကြားခြင်း၊ အိမ်မှုကိစ္စတာ၀န်တွေနဲ့ကော လုံးလည်ခြာလည်စိုက်နေခဲ့ပါတယ်။ အချိန်လဲမလောက်၊ လူလည်းပင်ပန်းပြီး နွမ်းနယ်လှပါတယ်။ ဘာကိုဒေါသထွက်နေမှန်းမသိ၊ ဘာကိုမကျေနပ်မှန်းမသိဖြေစ်နေရပါတယ်။ အားလုံးက ကိုယ်ကျေနပ်စွာ ရွေးခြယ်ခဲ့တဲ့ အရာတွေပဲဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ Time Management ဆိုတဲ့စကား က ခေါင်းထဲ၀င်လာပြန်ပါတယ်။ အလုပ်ပြီးမြောက်ဖို့အချိန်ကို စီမံခန့်ခွဲရမယ်ပေါ့။ အချိန်ကလည်း (၁)ရက်မှာ (၂၄)နာရီပဲ ရှိတာ လောက်ကိုမလောက်နိုင်ပါဘူး၊ အလုပ်ပြီးအောင် အားထုတ်လိုက်ရင် ခန္ဓာကိုယ်က ပင်ပန်း၊ အိပ်ရေးမ၀ပဲ နောက်ရက် အစီအစဉ်တွေကို သွားထိပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ဆင်ခြင်မိတာကတော့ အချိန်ကိုစီမံခန့်ခွဲခြင်းဆိုတာ မိမိကိုယ်ကိုကိုယ် စီမံခန့်ခွဲခြင်းဆိုတာပါပဲ။ တစ်ဦးနဲ့တစ်ဦး ကိုယ်ရည်ကိုယ်သွေးခြင်းမတူကြပါ၊ စွမ်းဆောင်နိုင်ရည်၊ ပြင်းပြသောစိတ် ဆန္ဒ၊ နောက်ခံအင်အားများလဲမတူကြပါဘူး။ ကျမဆိုလျှင် ကလေးငယ်များနှင့်တာ၀န်များကို ထမ်းဆောင်နိုင်ခြင်းမှာ နောက်ပိုင်းမှ မိဘများက ကလေးများကို စောင့်ရှောက်ပေးလို့သာဖြစ်ပါတယ်။ သားကြီး အသက် (၂)နှစ်အရွယ်မှာ မနက်စောစော DBL သွားတက်ပါတယ်။ သားအငယ်လေး (၆)လအရွယ်မှာ PhD စတက်ခဲ့ပါတယ်။ ဒီလို အချိန်ကိုစီမံ​ပြီးဖြစ်ချင်တဲ့ အရာများကို ပန်းတိုင်သို့ ရောက်အောင်သွားနိုင်ခြင်းမှာ မိမိကိုယ်ကို စီမံခြင်းနှင့် မိမိနှင့်ပါတ်သက်သော သူများကိုလဲ စီမံခန့်ခွဲ နိုင်ခြင်းလဲပါပါတယ်။ မိဘများကိုလည်း မိမိဖြစ်စေချင်သော အရာများကို ရှင်းပြပါတယ်။ ဘယ်လိုကူရမယ်ဆိုတာကိုလည်း ရှင်းပြပြီး အကူအညီတောင်းပါတယ်။ အဆင်မပြေလျှင်လည်း တခြားဆောင်ရွက်ရမည့် နည်းလမ်း များကိုလဲ ကြိုတင်၍ စဉ်းစားထားရပါတယ်။ Stragegy ချပြီးလျှင်တော့ Tactics များရှိဖို့လိုအပ်ပါတယ်။
အချိန်ကိုစီမံခန့်ခွဲတော့မည်ဆိုလျှင် ပထမဆုံး ကိုယ့်ကိုကိုယ် သိခြင်းပင်ဖြစ်ပါတယ်။ ကိုယ်ကညပိုင်းမှာ ပိုလုပ်နိုင်သော သူလား၊ မနက်စောစောမှာ အလုပ်လုပ်ရတာကို ကြိုက်သူလား။ သေချာသိရပါမယ်။ ပြီးလျှင် ပတ်၀န်းကျင်အခြေအနေကို ထည့်သွင်းစဉ်းစားရပါ့မယ်။ ကျမလို ကလေးမိခင်အတွက်ဆိုလျှင် ကလေးစာမေးပွဲဖြေခါနီးအချိန်ကာလဆို အချိန်ပို သိပ်မရှိပါ။ သားအငယ်လေးက ထမင်းခွံကျွေးမှစားတတ်ပါတယ်။ ထိုအချိန်များကိုလည်း အလုပ်ချိန်ထဲတွင် ထည့်ဆွဲထားလို့မရပါ။
ထိုသို့ မိမိကိုယ်ကို သေချာဆန်းစစ်ပြီးမှ အချိန်ကို စီမံခန့်ခွဲသော အခါ ToDo List ထဲမှာ Done ဖြစ်သော အရေအတွက်ကများလာပါတယ်။ သို့မဟုတ်လျှင် လုပ်စရာတွေက ရေးသာရေး မပြီးအဆင့်နဲ့ပဲ ရပ်နေသည်က များပါတယ်။ မိမိကိုယ်ကိုဖြစ်စေချင်သော အရာကို သေချာဆန်းစစ် ဖို့လိုပါတယ်။ ပြီးလျှင်တော့ လိုအပ်သော အားထုတ်မှုများ လုပ်ဖို့လိုပါတယ်။ တချို့တရာများ စွန့်လွတ်ဖို့လိုလျှင် စွန့်လွတ်လိုက်ရတာလည်း ရှိပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲ (၂)ခုလောက်လွတ်လိုက်သည်နှင့် ပြီးမြောက်သည့် အလုပ်ပမာဏက သိသိသာသာတက်လာသည် ကိုတွေ့ရပါတယ်။ အချိန်ပိုထွက်ရုံသာမက စဉ်းစားတွေးခေါ်မှုပါ ပြောင်းလာသည်ကို တွေ့ရပါတယ်။ ဒါကြောင့် အချိန်ကိုစီမံခန့်ခွဲခြင်းဆိုတာဟာ အချိန်ကိုစီမံခြင်းမဟုတ်ပဲ မိမိကိုယ်ကိုစီမံခန့်ခွဲခြင်း ဖြစ်သည်ဟု တွေးဆဆင်ခြင်မိပါတယ်။
အချိန်ဆိုတာက ကိုယ်မပိုင်ဆိုင်တဲ့အရာတစ်ခုပါ ကျမတို့အချိန်တွေကိုရပ်ထားလို့မရနိုင်ပါဘူး။ ဒါပေမယ့် ကျမတို့ ကိုယ့်ကိုယ်ကိုရပ်တံ့နေတတ်ကြပါတယ်။ မြန်မာစာမှာ ငယ်ငယ်က ပျင်းရိခြင်း ၆ ပါးဆိုတာသင်ယူလေ့လာခဲ့ဖူးပါတယ်။ အလုပ်လုပ်ရမယ့်အချိန်မှာ ကိုယ့်ကိုယ်ကိုညှာပြီးမလုပ်ဖြစ်တာမျိုး ပျင်းရိလို့အလုပ်မလုပ်ချင်တာမျိုးက ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲနိုင်မှုကင်းမဲ့နေတာဖြစ်သလို အချိန်ကိုတန်ဖိုးမထားတတ်တာမျိုးပဲဖြစ်ပါတယ်။ အချိန်ကိုစီမံခန့်ခွဲတယ်ဆိုတာထက် အချိန်ကိုတန်ဖိုးထားပြီးအကျိုးရှိအောင်ဖြတ်သန်းဖို့ မိမိကိုယ်ကိုစီမံခန့်ခွဲရတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။
တစ်ခါတစ်ရံမှာ ကျမတို့ အချိန်ဇယားတွေဆွဲလိုက်ကြတယ်။ ဒါပေမယ့် အချိန်ဇယားအတိုင်း မပျက်မကွက် အမြဲတစေလိုက်လုပ်နိုင်ဖို့တော့ ခက်ခဲကြတယ်။ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုပြီးစာရွက်တစ်ရွက်ပေါ်မှာရေးနေတာထက် ကိုယ်သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုမှာ ကိုယ်လုပ်ရမယ့်လုပ်ငန်းပြီးမြောက်အောင်၊ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်တစ်ခုရောက်အောင် မဆုတ်မနစ်ကြိုးစားအားထုတ်တာကို အချိန်ကိုစီမံခန့်ခွဲခြင်းဆိုပြီးခေါင်းစဥ်တပ်လိုက်ခြင်းသာဖြစ်ပါတယ်။
အချိန်ကိုစတင်ပြီးစီမံခန့်ခွဲချင်တယ်ဆိုရင် ကိုယ့်မှာရှိတဲ့မကောင်းတဲ့ အချိန်ဖြုန်းတီးတတ်တဲ့အကျင့်ဆိုးတွေကို ပြင်ဖို့လိုပါတယ်။ ဥပမာ - ကိုရီးယားကားတွေကြည့်ပြီးရင်းကြည့်နေတတ်တာ၊ အခုခေတ်လူငယ်တွေ ဂိမ်းတွေအပေါ်မှာအစွဲအလမ်းကြီးလွန်းနေတာ၊ Social Mediaတွေပေါ်မှာ အချိန်ကိုအလေအလွင့်ဖြစ်အောင်အသုံးပြုနေခြင်းဟာ အချိန်ကိုစီမံခန့်ခွဲတဲ့နေရာမှာ ပြင်ပိုပြင်ရမယ့် အကျင့်ဆိုးတွေဖြစ်ပါတယ်။ နောက်တစ်ခုက နေ့ရွှေ့ညရွှေ့ ရွှေ့တတ်နေခြင်းဟာလည်း ပြင်ရမယ့်အကျင့်ဆိုးထဲမှာပါပါတယ်။ ဒီလိုပြောတာဟာ ကိုယ်အလုပ်လုပ်နိုင်စွမ်းရှိတဲ့အချိန်ကိုရွေးချယ်တာမျိုးကို ဆိုလိုနေတာမဟုတ်ပဲ ညမှာလုပ်မယ်ဆိုပြီးသတ်မှတ်ထားတဲ့အလုပ်တစ်ခုကို အပေါင်းအသင်းတွေနဲ့ အပြင်လေးထွက်လျှောက်လည်ဦးမယ်ဆိုပြီးလည်ပတ် အိမ်ပြန်ရောက်တော့ ဒီညတော့အိပ်လိုက်မယ်ကွာ မနက်ဖြန်မနက်လုပ်ဖြစ်အောင်ကိုလုပ်မယ်ဆိုပြီး Tomorrow never endတွေဖြစ်ဖြစ်သွားတတ်တဲ့ အကျင့်ဆိုးမျိုးကိုဆိုလိုချင်တာပါ။
‘’ တန်ဖိုးရှိသော အချိန်ကိုစီမံရင်း အတ္တနှင့်ပရ မျှတ သော ဘ၀များကို ပိုင်ဆိုင်ကြပါစေ ‘’ ဟု ဆန္ဒပြုလျက်
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life

 
Anyone in the world

ကိစ္စတစ်ခု ဖြေရှင်းတော့မည်ဆိုလျှင် ဘက်ပေါင်းစုံကနေ ချဥ်းကပ်ဖို့လိုပါတယ်။ ပြသာနာ ဖြေရှင်းတဲ့နည်းလမ်းပေါင်းများစွာရှိပါတယ်။ ဦးထုပ် ၆ လုံးဆောင်းခြင်း နည်းလမ်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
အဖြူရောင်ဦးထုပ်
အချက်အလတ်၊ ကိန်းဂဏန်း၊ခေတ်အခြေအနေ၊ သတင်းစသဖြင့် ထည့်သွင်းစဥ်းစားခြင်းဖြစ်ပါတယ်။
( လူဦးရေ ၊ ဝင်ငွေ ၊ နှစ်သက်မှု့)
အနီရောင်ဦးထုပ်
စိတ်ကူး၊ စိတ်သန်း၊ စိတ်ခံစားချက်များကို ထည့်သွင်းစဥ်းစားခြင်းဖြစ်ပါတယ်။
( အရောင်၊ အခင်းအကျင်း၊ အလှဆင်ခြင်း)
အစိမ်းရောင်ဦးထုပ်
ထူးခြားဆန်းသစ်သော အတွေးအခေါ်များ၊ အကြံစည်၊ သူများထက် ထူးခြားသောတီထွင်ဆန်းသစ်မှု့။
( နာမည်၊ ထုပ်ပိုးပုံ၊ နည်းလမ်းအသစ်)
အဝါရောင် ဦးထုပ်
အကောင်းမြင်မှု့၊ အခြေအနေ၊ အဖြစ်အပျက်တွေကို အောင်မြင်တယ်ဆိုသော အမြင်ဖြင့် ချဥ်းကပ်ခြင်း
( ရောင်းအား အကောင်းဆုံး)
အနက်ရောင်ဦးထုပ်
အဆိုးမြင်၊ မဖြစ်ခဲ့ရင်ဆိုသော ရူ့ထောင်မှ ချဥ်းကပ်ခြင်း
(မရောင်းရလျှင်၊ ပျက်စီးခဲ့လျှင်)
အပြာရောင်ဦးထုပ်
ဘက်ပေါင်းစုံကနေ ချဥ်းကပ်ခြင်း၊ အရှေ့ဦးထုပ် ၅ လုံး စဥ်းစားထားသော အချက်များကို ထည့်သွင်းစဥ်းစားပြီး သေချာဆုံးဖြတ်ခြင်းတာဝန်ယူရပါတယ်။ ဆုံးဖြတ်ချက်ချခြင်း တာဝန်ယူရပါတယ်။
ပြဿနာပေါင်းစုံကြုံတွေ့နေရတဲ့ အခုလိုအချိန်မှာ ဘယ်လိုနည်းစနစ်တွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လုပ်ကြမှာလဲဆိုတာလေးကို တနင်္ဂနွေနေ့ ညနေ ၆နာရီကနေ ၇နာရီခွဲအတွင်းမှာ အားလုံးနဲ့အတူစဥ်းစားကြရအောင်ပါ
ဒီလိုကျပ်တည်းနေတဲ့အချိန်ကာလတွေမှာ ကျမအနေနဲ့ ကျမတတ်ထားတဲ့လေ့လာထားတဲ့ပညာရပ်တွေအသုံးချပြီး အများအတွက်ကူညီပေးချင်ပါတယ်ရှင်
Dr.Sandi Win
(Professional Lecturer)
Ph.D in Management Science,SIU(Thailand), MCSc(UCSM),MBA(MIE),BCSc(UCSM),DBL(MU),PGDE(MUFL),FTBE(Pearson,LCCI)
Boost to better life